စစ်ကောင်စီ ဥက္ကဋ္ဌ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို EAO အဖွဲ့အချို့ ငြင်း

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်တဲ့ တွေ့ဆုံဆွေးနွေးပွဲကို ကေအိုင်အို အနေနဲ့ တက်ရောက်မှာမဟုတ်ဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုက မေလ ၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံရေး ပြဿနာတွေကို ဆွေးနွေးနိုင်တဲ့ အနေအထားဘက်ကို မရောက်နိုင်ဘူးလို့ သုံးသပ်မိတဲ့အတွက် ဆွေးနွေးပွဲမတက်ဖို့ ဆုံးဖြတ်ထားတာလို့ ကေအိုင်အို သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။

“ဒီတစ်ခါ တွေ့ဆုံပွဲကို မတက်ဘူးဆိုတဲ့သဘောပါ။ ပြောချင်တာက နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာပြီးမှသာ ကျနော်တို့ မြန်မာနိုင်ငံရဲ့အရေးကို ဖြေရှင်းလို့ ရမယ်ဆိုတဲ့ဟာကို ကျနော်တို့လည်း လက်ခံပြီးသား ဖြစ်ပါတယ်။ ဒီတစ်ခေါက်ကတော့ ဆွေးနွေးတဲ့ အခြေအနေကို ကျနော်တို့ သုံးသပ်ကြည့်ရင် နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးနိုင်တဲ့ အနေအထားဘက်ကို မရောက်နိုင်ဘူးလို့ ကျနော်တို့ သုံးသပ်လို့ ဒီတစ်ခါ ဖိတ်ခေါ်တဲ့နေရာမှာ ကျနော်တို့ မတက်ရခြင်းဖြစ်ပါတယ် ”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေကို သူကိုယ်တိုင် တွေ့ဆုံဆွေးနွေးဖို့အတွက် ဧပြီ ၂၂ ရက်နေ့က ရုပ်မြင်သံကြားကနေတစ်ဆင့် ဖိတ်ခေါ်ခဲ့တာပါ။

ကေအိုင်အိုအနေနဲ့ အဲဒီ ဖိတ်ခေါ်စာကိုလည်း မေလ ၂ နေ့က ရရှိခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ပါဝင်သင့်၊ ပါဝင်ထိုက်သူအားလုံးကို ဖိတ်ခေါ်တာမရှိသလို နိုင်ငံရဲ့ အရေးအရာ တွေကို ဆွေးနွေးအဖြေရှာ မယ်ဆိုတဲ့ သဘောထား မပါတဲ့အတွက် နိုင်ငံရဲ့အရေးအရာတွေ တန်းတူ ဆွေးနွေးနိုင်မယ့် အခင်းအကျင်းရှိမှသာ ပါဝင်ဆွေးနွေးသွားမယ်လို့ ကေအိုင်အိုရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ယခင်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆွေးနွေးရင် အဆင်ပြေနိုင်ပေမယ့် ၂၀၂၁ အာဏာသိမ်းပြီး နောက်မှာတော့ နိုင်ငံတစ်ဝန်း လက်နက်ကိုင်တော်လှန်နေတဲ့အတွက် PDF,NUG, နဲ့ အခြားသက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကို မဖိတ်ကြားရင် မြန်မာနိုင်ငံရဲ့အရေးကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပြဿနာက လက်နက်ကိုင် ပြဿနာမဟုတ်ဘဲ နိုင်ငံရေး ပြဿနာ ဖြစ်တဲ့အတွက် နိုင်ငံရေးနဲ့ ပတ်သက်နေတဲ့ ပုဂ္ဂိုလ်တွေကိုဖိတ်ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

ကေအိုင်အိုအဖွဲ့ဟာ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ကချင်ပြည်နယ် အတွင်းသာမက စစ်ကိုင်းတိုင်း အထက်ပိုင်းထိ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အဖွဲ့ဖြစ်ပါတယ်။

မြောက်ပိုင်း ညီနောင်အဖွဲ့ဝင် တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA ) ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကလည်း စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ် တစ်ဖွဲ့ချင်းစီဆိုရင် တက်ရောက်မှာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

“ကျနော်တို့က အစကတည်းက FPNCC မှာ ပါပြီးသားဖြစ်တယ်။ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုကဏ္ဍဆိုရင် FPNCC အနေနဲ့ပဲ သွားရတာဖြစ်တယ်။ အဖွဲ့ဝင်အားလုံး ဘယ်လိုဆုံးဖြတ်မယ်ဆိုတာတော့ မသိရသေးဘူး။ FPNCC မဟုတ်ဘဲ ကျနော်တို့ တစ်ဖွဲ့တည်းအနေနဲ့ကတော့တက်ဖို့ မရှိသေးဘူး”

အလားတူ MNDAA ကိုးကန့်တပ်ဖွဲ့နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဘက်ကလည်း စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ် FPNCC သဘောထားအတိုင်း ဆက်သွားမယ်လို့ ပြောပါတယ်။

UWSA နဲ့ KIA ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ (FPNCC ) အဖွဲ့ကို စစ်ကောင်စီနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ် မရေးထိုးရသေးတဲ့ UWSA “ဝ”တပ်ဖွဲ့၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ NDAA မိုင်းလားတပ်ဖွဲ့၊ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP/SSA၊ ကိုးကန့်တပ်ဖွဲ့ MNDAA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA၊ ရက္ခိုင့်တပ်တော် AA စတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့နဲ့ ဖွဲ့ စည်းထားတာ ဖြစ်ပါတယ်။