၅ ရက်အတွင်း ရေကြီးနိုင်
2016.07.02

ကချင်၊ ရခိုင်၊ ချင်း၊ စစ်ကိုင်း စတဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ် ၄ ခုမှာ ဒီနေ့ကစပြီး ၅ ရက်အတွင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
မိုးကြီးပြီး မြစ်ရေကြီးနိုင်တဲ့ အခြေအနေတွေရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
" ဒီလိုမိုးကြီးရတာကတော့ အနောက်တောင်မုတ်သုံလေက ရခိုင်ကမ်းရိုးတန်းတွေမှာ အားကောင်းနေတဲ့ အတွက်ကြောင့်၊ နောက်ပြီးတော့ အိန္ဒိယနိုင်ငံ ကုန်းတစ်ဝက်၊ ရေတစ်ဝက်မှာ လေဖိအားနည်းရပ်ဝန်း တစ်ခုရှိနေတယ်၊ ရခိုင်ကမ်းရိုးတန်းဒေသတွေမှာတော့ နေရာကွက်ကျားမိုးကြီးနိုင်တဲ့အနေအထားတွေ ရှိတယ်၊ ကချင်နဲ့ မြန်မာနိုင်ငံအထက်ပိုင်းဒေသနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာတော့ အနောက်ဖက် ကနေလာတဲ့ လှိုင်းတွေကြောင့် မိုးကြီးနိုင်တယ်၊ မြန်မာနိုင်ငံမြောက်ဖျားပိုင်းတွေမှာတော့ မြစ်ရေတွေ ကြီးနိုင်တဲ့အနေအထားတွေရှိတယ်"
မြစ်ရေကြီးနိုင်တဲ့ အခြေအနေတွေကြောင့် ကြိုတင်ကာကွယ်မှုတွေ လုပ်ထားဖို့လိုအပ်ကြောင်းလည်း သတိပေး ထားပါတယ်။
မြစ်ဝကျွန်းပေါ်ဒေသတွေဖြစ်တဲ့ ဧရာဝတီ၊ ပဲခူးနဲ့ ရန်ကုန်တိုင်းဒေသကြီးတွေမှာလည်း မိုးများနိုင် ပြီး မြန်မာနိုင်ငံတောင်ပိုင်းမှာ မိုးနည်းနိုင်တယ်လို့လည်း ပြောပါတယ်။
ကမ်းရိုးတန်းဒေသတွေမှာတော့ လှိုင်းအမြင့်ပေ ၆ ပေကနေ ၉ ပေအထိ ရှိနိုင်တဲ့အတွက် ပင်လယ်ကမ်းရိုးတန်း သွား ရေယာဉ်တွေအနေနဲ့ သတိပြုသွားလာကြဖို့လည်း ထုတ်ပြန်ထားပါတယ်။