ပညာရေးဥပဒေ မူကြမ်းကို တ.က.သ. ကန့်ကွက် ဆန္ဒပြ

2014-03-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
 ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေ မူကြမ်းကို ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံမှာ မတ်လ ၃ဝ ရက်နေ့က တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တ.က.သ) အဖွဲ့ဝင်တွေ ကန့်ကွက်ဆန္ဒပြစဉ်
ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေ မူကြမ်းကို ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံမှာ မတ်လ ၃ဝ ရက်နေ့က တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တ.က.သ) အဖွဲ့ဝင်တွေ ကန့်ကွက်ဆန္ဒပြစဉ်
Photo: RFA

ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေ မူကြမ်းကို တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တ.က.သ) အဖွဲ့ဝင်တွေက ဒီကနေ့ ညနေပိုင်းက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ် ။

ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံ ဦးထွန်းလင်းခြံလမ်းမှာ တ.က.သ အဖွဲ့ဝင်တွေ စုပေါင်းပြီး ကန့်ကွက်ဆန္ဒပြ ခဲ့ကြတာပါ။

"ပြီးခဲ့တဲ့ရက်ပိုင်ကထွက်သွားတဲ့ အမျိုးသား ပညာရေး ဥပဒေမူကြမ်း လွှတ်တော်ကနေ အတည်ပြုသွားတယ်၊ ကျနော်တို့အနေနဲ့ အဲ့ဥပဒေကြမ်း သတင်းစာမှာမပါတဲ့ အစိုးရက လုပ်တဲ့ လွှတ်တော်ကနှစ်ခုပေါင်းလုပ်တဲ့ ဥပဒေကြမ်းကို ဆန္ဒပြဖို့ ဒီနေရာကို ကျနော်တို့ရောက်ရှိနေတာ ဖြစ်ပါတယ်၊ အစိုးရအနေနဲ့ အခုလုပ်နေတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုကို ကျနော်တို့ လုံးဝအယုံအကြည်မရှိပါဘူး၊ ဒါပြီးလို့ရှိရင် ကျနော်တို့ ဆက်တိုက် ဆက်တိုက် ရှေ့ဆက်ဖို့ အများကြီးရှိပါတယ်၊ ကျနော်တို့အခုစပြီး ဆန္ဒပြခြင်းဖြင့် ကျနော်တို့တွေ အစိုးရကို ကနဦး ပထမဆုံး စိန်ခေါ်ခြင်းပဲ"

တက္ကသိုလ်တိုင်းမှာ ဆန္ဒပြဖို့ တ.က.သအဖွဲ့ဝင်တွေအနေနဲ့ ဆက်လက်ပြီး နှိုးဆော်သွားမယ်လို့ ဒီနေ့ ကန့်ကွက်ကြောင်း မိန့်ခွန်းပြောကြားခဲ့တဲ့ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဇေယျာလွင်က  ပြောပါတယ်။

ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းဟာ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်ရေးကော်မတီနဲ့ အစိုးရပညာရေးဝန်ကြီးဌာနတို့ ရေးဆွဲခဲ့တဲ့ ဥပဒေကြမ်းနှစ်ခုကို ပူးပေါင်းထား တာဖြစ်ပါတယ်။ အဲဒီဥပဒေကြမ်းကို နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက် NNER အဖွဲ့အနေနဲ့လည်း ကန့်ကွက်ကြောင်း အချက် ၁၃ ချက်ပါတဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ဆန္ဒပြရာမှာ အမျိုးသားပညာရေးကောင်စီ အလိုမရှိကြောင်း၊ ပညာရေး လွတ်လပ်ခွင့်ရှိရေးနဲ့ ဗဟိုချုပ်ကိုင်မှု ကင်းမဲ့ရေး၊ ကျောင်းသားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့်ရရှိရေးနဲ့ ပညာရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေ အတည်ပြု ပြဌာန်းရာ မှာ လွှတ်တော်၊ အစိုးရနဲ့ နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက် NNER အဖွဲ့တို့ သုံးပွင့်ဆိုင် ဆွေးနွေးရေးကို လည်း တောင်းဆိုခဲ့ကြပါတယ်။

အဲဒီဆန္ဒပြပွဲကို ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ နိုင်ငံခြားဘာသာ တက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်တို့က ကျောင်းသားတွေ ပူးပေါင်းပါဝင်ခဲ့တာဖြစ်ပြီး ဆန္ဒပြပွဲကိုလည်း ခွင်ပြုချက်မယူဘဲနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ကွန်မင့်များ (1)
Share

အာစရိယ

ပညာရေးဥပဒေ(မူကြမ်း)ကို အတည်ပြုခဲ့တဲ့ လွှတ်တော်မှာ
ကျောင်းဆရာနဲ့ ပညာရေးဝန်ထမ်း ဘယ်နှစ်ယောက်များပါပါလိမ့်။

Mar 31, 2014 01:18 AM

ဆိုက်တခုလုံးသို့