ဆုထူးစံကုမ္ပဏီ ဝန်ထမ်းအားလုံးကို AA အဖွဲ့ပြန်လွှတ်

ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့မှာ ပလက်ဝမြို့နယ်ထဲ မြန်မာ-အိန္ဒိယလမ်းပိုင်းလုပ်နေတဲ့ ဆုထူးစံ ကုမ္ပဏီနဲ့ နန်းမှန်သစ္စာကုမ္ပဏီက ဝန်ထမ်းတွေကို ထောက်လှမ်းရေးဟောင်းတွေလို့ သံသယဖြစ်ပြီး AA ရက္ခိုင့်တပ်တော်က ဖမ်းဆီးထိန်းသိမ်းထားတဲ့သူ ကိုးယောက်လုံးကို မနေ့က ပြန်လွှတ်ပေးလိုက်ပြီလို့ သတင်းရရှိပါတယ်။

အဲဒီလူတွေကို ဒီကြားထဲမှာ ပြန်လွှတ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် တိုက်ပွဲတွေကြောင့် ကြန့်ကြာခဲ့ရပြီး ကောင်းကောင်းမွန်မွန်ထားခဲ့တဲ့အကြောင်းနဲ့ သူတို့ကို ပလက်ဝမြို့နယ် သျှင်မဒိန်အုပ်စု၊ အောက်ကင်းသလင်းရွာထိ ပို့ပေးလိုက်တာလို့ AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက RFA ကို အတည်ပြုပြောဆိုပါတယ်။

ဆုထူးစံကုမ္ပဏီက ကိုစောကိုကိုနိုင်၊ ကိုလှမျိုးအောင်၊ ကိုဇော်မျိုးသူ၊ ကိုကျော်မျိုးထွန်း၊ ကိုသိန်းဟန်၊ ကိုသိန်းဇော်ထွန်း၊ ကိုထွန်းလင်းအောင်နဲ့ ကိုဇော်နိုင်ထွန်း၊ နန်းမှန်သစ္စာကုမ္ပဏီက ကိုဖြိုးမင်းဦးတို့ဖြစ်တယ်လို့လည်း AA ခိုင်သုခ ကပြောပါတယ်။