ရက္ခိုင့်တပ်တော် AA အဖွဲ့က ဖမ်းဆီးထားတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ လမ်းလုပ်ငန်းဆောင်ရွက်နေတဲ့ ကုမ္ပဏီဝန်ထမ်း ကိုးဦးကို ပြန်လွှတ်ပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က ပလက်ဝမြို့နယ်ထဲ မြန်မာ-အိန္ဒိယလမ်းပိုင်းလုပ်နေတဲ့ ဆုထူးစံ ကုမ္ပဏီနဲ့ နန်းမှန်သစ္စာကုမ္ပဏီက ဝန်ထမ်း စုစုပေါင်း ကိုးဦးကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးသွားတာဖြစ်ပါတယ်။
အဲဒီဝန်ထမ်းတွေဟာ ထောက်လှမ်းရေးဟောင်းတွေလို့ သံသယဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ AA အဖွဲ့က ပြောဆိုထားပြီး ကိုးဦးလုံးကို သြဂုတ်လ ၁၆ ရက်နေ့က ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြန်လွှတ်ပေးလိုက်သူတွေကို ပလက်ဝမြို့နယ် အောက်ကင်းသလင်းရွာအထိ AA အဖွဲ့ဝင်တွေက လိုက်ပို့ပေးလိုက်ကြောင်းနဲ့ ဖမ်းဆီးထားချိန်မှာ ကောင်းကောင်းမွန်မွန်ထားခဲ့ကြောင်း RFA ကို ပြောပါတယ်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ လမ်းလုပ်သားတွေ ပြန်လွတ်လာတာ ဟုတ်မှန်ကြောင်းနဲ့ အသေးစိတ်ကို မသိရသေးကြောင်း RFA ကို ပြောပါတယ်။
"ကျွန်တော်တို့လည်း ပြန်လွှတ်ပေးလိုက်ပြီဆိုတာတော့ သတင်းကြားတယ်၊ သေသေချာချာတော့ မသိသေးဘူး ခင်ဗျ၊ ကိုးယောက်ပြန်လွှတ်လိုက်တာတော့ မှန်တယ်ခင်ဗျ၊ ဘယ်ကိုရောက်လို့ ဘယ်ကိုပြန်လွှတ်လိုက်တယ် ဆိုတာတော့ မသိသေးဘူး၊ ပလက်ဝမှာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိတယ် အဲဒီကိုသွား သတင်းပို့မှာပေါ့၊ အဲဒီမှာ သတင်းပို့ပြီးမှ နီးစပ်ရာပြန်ပို့မှာပေ့ါ သူတို့ဒေသတွေကို"
ပြန်လွတ်လာသူတွေဟာ အောက်ကင်းသလင်းရွာကနေ နှုန်းဘူးရွာကို ဒီနေ့မနက်မှာ ရောက်ရှိလာပြီး အဲဒီရွာက တဆင့် ရေလမ်းကြောင်းကနေ စက်လှေနဲ့ ပလက်ဝမြို့ကို ဒီနေ့ညနေမှာ ရောက်ရှိလာမယ်လို့ သိရပါတယ်။
"တပ်ကအဖွဲ့က စုံစမ်းစစ်ဆေးပြီးမှ ပြန်ဆင်းလာမယ်ထင်တယ်၊ ညနေကိုတော့ ပလက်ဝ ရောက်လာမယ်ပြော တယ်၊ ကိုယ်ပိုင်စက်လှေနဲ့လည်း ဖြစ်နိုင်တယ်၊ လိုင်းစက်လှေနဲ့လည်း ဖြစ်နိုင်တယ်၊ မြို့နယ် ထွေအုပ်ရုံးမှာ မေးမြန်းဖို့ ခဏတော့ ခေါ်ထားလိမ့်မယ်ထင်တယ်"
ခူမီး ချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်း ပြောသွားတာပါ။
ပလက်ဝမြို့နယ်မှာ လမ်းလုပ်ငန်းဆောင်ရွက်နေတဲ့ ဆုထူးစံကုမ္ပဏီက ကိုစောကိုကိုနိုင်၊ ကိုလှမျိုးအောင်၊ ကိုဇော်မျိုးသူ၊ ကိုကျော်မျိုးထွန်း၊ ကိုသိန်းဟန်၊ ကိုသိန်းဇော်ထွန်း၊ ကိုထွန်းလင်းအောင်နဲ့ ကိုဇော်နိုင်ထွန်း၊ နန်းမှန်သစ္စာကုမ္ပဏီက ကိုဖြိုးမင်းဦးတို့ ကိုးဦးကို AA အဖွဲ့က ရက်ပေါင်း ၁၄၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
ပြန်လွတ်လာသူတွေကို ပလက်ဝမြို့မှာ နေထိုင်စားသောက်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ပေးဖို့ ပြင်ဆင်ထားကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က RFA ကို ပြောပါတယ်။
"သူတို့နဲ့တော့ တိုက်ရိုက်မတွေ့ရသေးဘူးပေါ့၊ သူတို့က အိန္ဒိယ ဆက်သွယ်ရေးလမ်းမှာလုပ်တဲ့ ဆုထူးစံက လုပ်သားတွေ၊ အဲဒီတော့ အိန္ဒိယစီမံကိန်းက အဖွဲ့တွေနဲ့လည်း ဆက်သွယ်ပါမယ်၊ နောက်ပြီးတော့ သူတို့ရဲ့ ကုမ္ပဏီတွေနဲ့လည်း ဆက်သွယ်ပြီးတော့ သူတို့ပြန်ချင်တဲ့ ပုံစံအတိုင်းလုပ်ပေးဖို့ စီစဉ်ပေးပါမယ်၊ အခုရောက်တဲ့အချိန်မှာတော့ နေတာ၊ ထိုင်တာ၊ စားတာသောက်တာ အားလုံးအဆင်ပြေအောင် ကျွန်တော်တို့ ကူညီပေးဖို့ လုပ်ထားပါတယ်၊ သူတို့နေထိုင်ခဲ့ရတဲ့ အခြေအနေတွေကို မေးမြန်းတာတွေတော့ရှိမှာပေါ့"
ပြန်လွတ်လာတဲ့ လမ်းလုပ်သားတွေကို ထိန်းသိမ်းခံရတဲ့ အခြေအနေအကြောင်း မေးမြန်းဖို့ RFA က ကြိုးစားခဲ့ပေမယ့် အဆက်အသွယ် မရရှိသေးပါဘူး။
ပလက်ဝမြို့နယ် ကင်းတလင်းကျေးရွာက ခူးမီးတိုင်းရင်းသားတွေကိုလည်း AA အဖွဲ့က ခြောက်လနီးပါးကြာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့သည်)