မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း ရွာလေးရွာက အိမ် ၁၉ လုံးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်က စစ်ကောင်စီတပ်တွေရဲ့ မီးရှို့တာခံလိုက်ရလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး ငွေကျပ်သိန်း ၅၆၀ ကူညီထောက်ပံ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၁၂ ရက် မနေ့က တစ်အိမ်ကို ၆၅ သိန်းကနေ သိန်း ၂၀ ဆိုပြီး သတ်မှတ်ကာ လှူဒါန်းခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျွန်းညိုရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
"ဒေသခံအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်တော့ စစ်သားတွေက ရွာထဲက အိမ်တွေကို မီးရှို့သွားတယ်။ အဲ့ဒါကို ကာကွယ်ရေးတပ်ဖွဲ့တွေက သူတို့ကို ပြည်သူတွေ လှူထားတဲ့အထဲက ပြန်လှူတာပေါ့၊ နေအိမ်ဆုံးရှုံးရသူတွေအတွက် အထောက်အပံ့ ရတာပေါ့"
မီးလောင်ခံခဲ့ရတဲ့ ကျွန်းညိုရွာ၊ နွယ်နီရွာ၊ ခံယာရွာနဲ့ မြောက်ရွာတို့ကို မြင်းခြံအခြေစိုက် MG - 6 အဖွဲ့နဲ့ ရေလယ်ကျွန်း ကာကွယ်ရေးတပ်ဖွဲ့တို့က စုပေါင်းပြီး လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့က အဲဒီရွာတွေထဲကို စစ်သားတွေရောက်လာပြီး နေအိမ် သုံးလုံး မီးရှို့ခံခဲ့ရပြီး နောက်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်လောက်မှာလည်း အိမ်တွေ ထပ်မံမီးရှို့ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
PDF အဖွဲ့တွေက စစ်ကောင်စီတပ်တွေရဲ့ ဆီသင်္ဘောကို ထိန်းသိမ်းလိုက်ရာကနေ ရေလယ်ကျွန်းပေါ်ရွာတွေက အဲဒီနေအိမ်တွေလည်း စစ်ကောင်စီတပ်တွေရဲ့လက်ချက်နဲ့ အခုလို မီးရှို့ခံရတာလို့ ဆိုပါတယ်။
အဲဒီနေ့က နေအိမ်တွေအပြင် ထော်လာဂျီတွေ၊ ဆီပေပါတွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေပါ မီးထဲပါသွားခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မကွေးတိုင်းအတွင်းမှာ ဒီရက်ပိုင်း စစ်ရေးငြိမ်သက်နေပြီး နေအိမ်တွေ ပြန်လည် ဆောက်လုပ်နေကြသလို ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG တို့ရဲ့ လမ်းညွန်မှုနဲ့ စာသင်ကျောင်းတွေ အခု လဆန်းပိုင်းကစပြီး ဖွင့်လှစ်သင်ကြား နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။