တာချီလိတ်မှာ ဗုံးကွဲ

ထိုင်းမြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ ရှမ်းပြည်အရှေ့ပိုင်းက တာချီလိတ်မြို့မှာ ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့လို့ လူတစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
2012-03-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

တာချီလိတ်မြို့ ရွှေတိဂုံဘုရား အနောက်ဖက် ဂေါက်ကွင်းထဲမှာ ရှေ့ဆင့်နောက်ဆင့် ဗုံးနှစ်လုံး ဆက်တိုက်လိုလို ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ တာချီလိတ်မြို့ခံတစ်ဦးက အာအက်ဖ်အေကို ပြောပါတယ်။

"မနက် ၇ နာရီလောက်ကပဲ ဂေါက်ကွင်းအထဲမှာ၊ ကျင်းနံပါတ် ၁၃ မှာကွဲတာ။ လုံခြုံရေးချထားတဲ့ ကောင်လေးကလည်း အဲဒီနားမှာ ရှိနေတဲ့အချိန်မှာပဲ နှစ်လုံးကွဲသွားတာ။ အဲဒီမှာ ကောင်လေးက ဒဏ်ရာရတယ်။ နောက်ဘယ်သူမှတော့ ဘာမှမဖြစ်ဘူး။ စုံစမ်းနေတုန်းပဲပေါ့ဗျာ။ ဘာကြောင့်ကွဲတယ် ဆိုတာရယ်၊ ဒါ ဘာဗုံးလဲဆိုတာကို ဆက်လိုက်နေတုန်းပဲ ရှိသေးတယ်"

ဗုံးပေါက်ကွဲခဲ့တဲ့ နေရာဟာ လူနေအိမ်နဲ့ အလှမ်းဝေးလွန်းပြီး ပေါက်ကွဲခဲ့ချိန်မှာလည်း ဂေါက်ကွင်းအတွင်း လူသူရှင်းလင်းနေတဲ့အတွက် တခြား ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တာချီလိတ်မြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ ဗုံးပေါက်ကွဲခဲ့တာ ဟုတ်မှန်ကြောင်း ရဲအရာရှိတစ်ဦးက အတည်ပြု ပြောဆိုပေမယ့် အသေးစိတ် မသိရှိကြောင်း ပြောပါတယ်။

အခု ဗုံးပေါက်ကွဲခဲ့မှုဟာ ဘယ်သူ့လက်ချက် ဖြစ်တယ်ဆိုတာ အတိအကျ မသိရှိရသေးပေမယ့် တာချီလိတ်မြို့နယ်အတွင်း တစ်နှစ်တစ်ကြိမ်လောက် ဒီလိုပေါက်ကွဲမှုတွေ ကြုံနေရပြီး၊ များသောအားဖြင့် စီးပွားရေးသမား အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် မကျေလည်မှုတွေကြောင့် လုပ်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

တာချီလိတ်နဲ့ ကျိုင်းတုံမြို့တို့မှာ လာမယ့် မတ်လ (၂၇) ရက်နေ့မှာ အစိုးရစစ်တပ်မှ အရာရှိကြီးတွေ အပါအဝင် ဌာနဆိုင်ရာ အကြီးအကဲများ၊ စီးပွားရေးသမားများ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် တပ်မတော်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပဖို့ ရှိတယ်လို့ သတင်းများ ထွက်ပေါ်နေချိန်မှာ အခုလို ဗုံးကွဲခဲ့တာ ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့