တီးတိန်မြို့နယ် သိုင်းငင်းရွာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရ

RFA Burmese
2024.06.24
တီးတိန်မြို့နယ် သိုင်းငင်းရွာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာကို ဇွန်လ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး‌ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ် သုံးဆယ်၀န်းကျင်ရှိတဲ့ သိုင်းငင်းရွာမှာ မီးမလောင်ဘဲ ကျန်နေခဲ့တဲ့ နေအိမ်သုံးလုံးပဲရှိတော့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"နေအိမ်တွေက အောက်ဘက်အိမ်တွေကိုတော့ အကုန်ရှို့ပြီးပြီ။ ဘာမှ မကျန်တော့ဘူး။ အပေါ်ဘက်က သုံးအိမ်လောက်ပဲ ကျန်တော့တယ်။ ကျွန်တော်တို့က တိုက်ပွဲမဖြစ်ခင် သုံးလေးရက်ကတည်းက ရှောင်ကြတာ"

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

တီးတိန်မြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်တို့အကြား ဇွန်လ ၂၀ ရက်နေ့ကစပြီး ဇွန် ၂၃ ရက်မနေ့ကအထိ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

လက်ရှိမှာတော့ စစ်ကောင်စီတပ်က သိုင်းငင်းရွာ ဆုတောင်းတောင်စခန်းမှာ နေရာယူထားတာကြောင့် ခရီးသွားတွေအနေနဲ့ ကလေး- သိုင်းငင်း- တီးတိန်လမ်းကို မသွားလာကြဖို့ CDF CDM Siyin အဖွဲ့က သတိပေးထားပါတယ်။

အင်အား တစ်ရာ၀န်းကျင်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ဇွန်လ ၁၈ ရက်နေ့မှာ တီးတိန်မြို့နယ်ကနေ ဒီတောင်စခန်း သိမ်းပိုက်ခဲ့ပြီး လက်ရှိမှာ PDF Zoland အဖွဲ့က အဲဒီနေရာကို ပြန်လည်တိုက်ခိုက် ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။