စစ်ကောင်စီကို ထပ်တိုးအရေးယူရန် ကုလလုံခြုံရေးကောင်စီကို တိုက်တွန်း
2023.07.01
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ စစ်ကောင်စီကို ထပ်တိုးအရေးယူမှုတွေလုပ်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇွန်လ ၃၀ ရက် နယူးယောက်မြို့မှာကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တိုက်တွန်းလိုက်ပါတယ်။
ကုလလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ထုတ်ပြန်ချက် ခုနစ်စောင်နဲ့ ကောင်စီဥက္ကဋ္ဌ ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ ပေမယ့်လည်း စစ်ကောင်စီရဲ့ ညှဉ်းပန်းမှုကိုခံရတဲ့ မြန်မာပြည်သူတွေအတွက် လုံလောက်တဲ့အရေးယူမှုမျိုးမဟုတ်ဘူးလို့ သူကပြောပါတယ်။
ကုလလုံခြုံရေးကောင်စီအနေနဲ့ နောက်ဆက်တွဲအရေးယူမှုတွေပါဝင်တဲ့ အခြေအနေ တစ်ခုကို လုပ်ဆောင်သင့်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြပါတယ်။
ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အဆို ၂၆၆၉ ရဲ့ ဖော်ပြချက်အရ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အမြန်ဆုံး အကောင်အထည် ဖော်ဖို့ စစ်ကောင်စီက မျက်ကွယ်ပြုနေတယ်လို့ သူက ထောက်ပြပါတယ်။
ကုလလုံခြုံရေးကောင်စီရဲ့ တာဝန်အရှိဆုံးဖြစ်တဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အရေးယူဆောင်ရွက်ချက်တွေနဲ့ အရေးယူဖို့ပျက်ကွက်နေတဲ့ ကိစ္စတွေအပေါ် ကုလအဖွဲ့ဝင်နိုင်ငံတွေရဲ့ အကြံပြုချက်တွေကို နားထောင်သင့်တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးတွေနဲ့ နေ့စဉ် ပစ်ခတ်နေတာကြောင့် လူဦးရေ ၁ ဒသမ ၅ သန်း နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ဒီအတွက် စစ်ကောင်စီကို ပြစ်ဒဏ်ကင်းလွတ်ခွင့်မပေးဖို့ ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၃၀ ရက်ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် သေဆုံးခဲ့တဲ့ အရပ်သား ၃၇၃၆ ဦးရှိပြီး ၁၉,၂၉၅ ဦး ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။