မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာမှာ နေအိမ်တစ်ရာကျော် မီးရှို့ခံရ

RFA Burmese
2025.02.18
မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာမှာ နေအိမ်တစ်ရာကျော် မီးရှို့ခံရ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာမှ နေအိမ်များ မီးရှို့ခံရသည်ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တွေ့ရစဥ်။
Citizen Photo

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၆ နာရီခန့်မှာ ရွာထဲက နေအိမ် တစ်ရာကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က တလုပ်မြို့ကျေးရွာမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ရွာခံတွေဟာ ရွာမှာမနေရဲကြတော့ဘဲ ဘေးလွတ်ရာကို တိမ်းရှောင်နေရချိန် ပျူစောထီးအဖွဲ့ဝင် တစ်ရာခန့်က နေအိမ်တွေမှာရှိနေတဲ့ ပစ္စည်းတွေကိုသယ်ယူပြီးနောက် မီးရှို့လိုက်တာလို့ ဆိုပါတယ်။

နေအိမ်တွေ မီးရှို့ခံရတာကြောင့် ရွာထဲပြန်ဝင်ကြည့်မဲ့ ရွာသားတွေကို အဝင်မခံဘဲ သေနတ်နဲ့ ပစ်ခတ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“PDF ခေါင်းဆောင်အိမ်ကနေ စရှို့တာတဲ့။ အဲကနေပြီးတော့ အနောက်ဘက်နဲ့ မြောက်ဘက်ပေါက်ကို လောင်သွားပြီ။ အဲအတိုင်း တောင်ဘက်ပေါက်သွားလို့ရင် အိမ်ကတော့ တစ်ရာကျော်မယ်။ ညကိုးနာရီခွဲမှ မီးညွန့်ပြေသွားတာ။ မနက်က ဝင်ကြည့်တာတော့ အကြည့်မခံဘူး။ သူတို့က သေနတ်တွေနဲ့ လိုက်ပစ်တာ။ ရွာထဲလည်း ဝင်ကြည့်လို့လည်း မရသေးဘူး။ ပျူစောထီးတွေက နွားတွေကအစ ယူတာ။ ဆယ်ဘီးကားနဲ့ ၁၃ စီးရှိပြီ”

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း တလုပ်မြို့ကျေးရွာထဲကို စားစရာယူဖို့သွားတဲ့ ရွာခံ အသက် ၃၀ အရွယ် ဦးဇော်လင်းနဲ့ တူတော်စပ်သူအသက် ၁၈ နှစ်အရွယ် အမျိုးသားတို့ ပစ်ခတ်ခံရတာကြောင့် ဦးဇော်လင်း သေဆုံးပြီး တူတော်စပ်သူက ဒဏ်ရာရခဲ့တယ်လို့ သူက ပြောပါတယ်။

အိမ်ခြေ ၁၈၀၀ နီးပါးရှိတဲ့ တလုပ်မြို့ကျေးရွာဟာ မြင်းခြံ - ဆီမီးခုံ ကားလမ်းပေါ်မှာရှိပြီး မြင်းခြံမြို့ရဲ့မြောက်ဘက် ရှစ်မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က တလုပ်မြို့ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တာကြောင့် နေအိမ် သုံးဆယ်ကျော် မီးလောင်ပျက်စီးခဲ့ပြီး ရွာခံ တစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ဒီရက်ပိုင်းအတွင်း မြင်းခြံမြို့နယ်မှာ တိုက်ပွဲတချို့ ရှိနေသလို စစ်ကောင်စီတပ်ကလည်း ရွာတွေကို လေကြောင်းနဲ့ လက်နက်ကြီးသုံးပြီး ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်မှာ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကနေ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာအထိ သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း ၁၀၇,၀၀၀ နီးပါး (၁၀၆,၉၅၀ လုံး) ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။