တနင်္သာရီမှာ စစ်ဘေးဒုက္ခသည် နှစ်ထောင်နီးပါး အကူအညီလိုနေ
2025.02.11

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် နှစ်ထောင်နီးပါး စားနပ်ရိက္ခာနဲ့ ဆေးဝါးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ပြောပါတယ်။
တိုက်ပွဲတွေကြောင့် သဲဖြူ၊ ချောင်းနှစ်ပေါက်၊ သိန်ခွန်းနဲ့ ထုံခါး စတဲ့ရွာတွေက ဒေသခံ နှစ်ထောင်နီးပါးဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လကတည်းက နေရပ်စွန့်ခွာ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
ဒီနေ့အထိ နေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာ တောတောင်တွေထဲမှာ နေရတာကြောင့် အကူအညီတွေ လိုအပ်နေတာလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူ တစ်ဦးက RFA ကို ပြောပါတယ်။
"အမိုးအကာမရှိ၊ စောင်မရှိ၊ ခြင်ထောင်မရှိနဲ့ ဒီလို ဖြတ်သန်းနေကြရတာပေါ့နော်။ စားဖို့တောင် အနိုင်နိုင် ဖြစ်နေကြတယ်။ ကလေးတွေဆိုလဲ ယားနာတွေပေါက်နေကြတာ။ အများစုက ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်နေကြရတာပေါ့။ စားရေးသောက်ရေးလည်း ခက်ခဲနေကြတော့ အလှူရှင်တွေ ရစေချင်တယ်"
လက်ရှိမှာလည်း အင်အားတစ်ရာနီးပါးရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက သိန်ခွန်းနဲ့ ချောင်းနှစ်ခွရွာမှာ တပ်စွဲနေထိုင်နေတာကြောင့် နေရပ်ပြန်ဖို့ ခက်ခဲနေတယ်လို့ သူက ပြောပါတယ်။
ဝင်ငွေမရှိဘဲ စစ်ဘေးဒုက္ခသည်အဖြစ် တိမ်းရှောင်နေရတာကြောင့် စားဝတ်နေရေး ကြပ်တည်းနေတယ်လို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက် တိုးလာနေပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇန်နဝါရီ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်တွင်း နေရပ်စွန့်ခွာရသူ သုံးသန်းခွဲကျော် ရှိပါတယ်။