တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အောင်သာဝရစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့တွေ ဇွန်လ ၁၄ ရက်နေ့မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့ တိုင်းစစ်ဌာန၊ စစ်ဆင်ရေးတာဝန်ခံက ပြောပါတယ်။
ဒီစခန်းကို မေလကတည်းက သိမ်းဖို့ ပြင်ဆင်ခဲ့တာလို့ တိုင်းစစ်ဌာန၊ စစ်ဆင်ရေးတာဝန်ခံ ရဲဘော် STAR က RFA ကို ပြောပါတယ်။
"အဲဒီစခန်းကို ကျွန်တော်တို့ KNLA ရယ်၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက မေလလောက်ကတည်းက ဝိုင်းပတ်ပိတ်ဆို့ထားတာပေါ့နော်၊ စခန်းပတ်လည်မှာ မိုင်းတွေချထားတဲ့အတွက် မိုင်းရှင်းလင်းပြီးတော့ သူတို့ပိတ်ဆို့ထားတဲ့အနေအထားဖြစ်တယ်၊ ပြီးတော့ သူတို့ကိုလည်း လက်နက်ချအလင်းဝင်ခိုင်းတယ်၊ လက်နက်မချတဲ့အတွက် နောက်ဆုံးမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ရတဲ့ အနေအထားမျိုးဖြစ်တယ်လို့သိထားတယ်၊ သတင်းအချက်အလက် အသေးစိတ်တော့ မရသေးဘူး"
ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၇ ဦးထက်မနည်းသေဆုံးပြီး ကျန်တဲ့စစ်ကောင်စီတပ်သား ၃၀ လောက်က ထွက်ပြေးသွားကြတယ်လို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုစောအယ်နားက ဒေသအခြေစိုက် The Tanintharyi Times သတင်းဌာနကို ပြောဆိုထားပါတယ်။ စခန်းသိမ်းတိုက်ပွဲနောက်ဆက်တွဲအခြေအနေအသေးစိတ်ကို RFA က စုံစမ်းနေဆဲဖြစ်ပါတယ်။
တနင်္သာရီမြစ်ကမ်းနံဘေးမှာရှိတဲ့ ဒီစခန်းဟာ ၁၉၉၇ ခုနစ်ကတည်းက ရှိနေတာဖြစ်ပြီး စစ်ကောင်စီတပ်သား ၅၀ လောက် တပ်စွဲထားတဲ့စခန်းလို့လည်း သိရပါတယ်။
စခန်းသိမ်းခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။
တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရဲ့ စခန်းတွေကို မဟာမိတ်ပူးပေါင်းအဖွဲ့တွေသိမ်းယူထားတာ အခု အောင်သာဝရစခန်းအပါအဝင် ဆယ်ခုအထိ ရှိလာပြီဖြစ်ပါတယ်။