တောင်တွင်းကြီးက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ကျည်ဆံတွေနဲ့ သတိပေးစာ ပေးပို့ခံရ

2021.09.26
တောင်တွင်းကြီးက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ကျည်ဆံတွေနဲ့ သတိပေးစာ ပေးပို့ခံရ တောင်တွင်းကြီးမြို့နယ် ကြို့ချောင်းကျေးရွာအုပ်စု၊ သူရောင်ကန်ရွာ (သူယောင်ကန်) အုပ်ချုပ်ရေးမှူးကို ပေးပို့တဲ့ သတိပေးစာနဲ့ ကျည်ဆံတွေကို တွေ့ရစဉ်
Photo: CJ

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် ကြို့ချောင်းကျေးရွာအုပ်စု၊ သူရောင်ကန်ရွာ (သူယောင်ကန်) အုပ်ချုပ်ရေးမှူးကို စက်တင်ဘာလ ၂၆ ရက်နေ့ ဒီကနေ့ အဖွဲ့အစည်း တစ်ခုက ကျည်ဆံတွေနဲ့အတူ စာရေးသားပေးပို့ပြီး သတိပေးခံရတယ်လို့ သိရပါတယ်။

သူရောင်ကန် (သူယောင်ကန်) ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းစိန် (ခေါ်) ဦးဖိုးဆယ်ဟာ စစ်ကောင်စီရဲ့ ခိုင်းသမျှလုပ်နေတဲ့သူ ဖြစ်တယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

''ကျည်ဆံတွေနဲ့ စာရေးထားတဲ့ပုံ အပို့ခံရတာဟုတ်တယ်ဗျ။ အခုတော့ ကြောက်ပြီး ပျာယာခပ်နေတယ်။ သူက မြို့နယ်စစ်ကောင်စီက ခိုင်းသမျှ အကုန်လုပ်နေတာ ဆိုတော့လည်း ကျည်ဆံနဲ့စာပို့ခံရတာ မဆန်းပါဘူး''

ဦးသောင်းစိန်ဆီကို ပေးပို့တဲ့ သတိပေးစာထဲမှာ ပြည်သူနဲ့ဆန့်ကျင်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းကာ ခိုင်းစေသမျှ လုပ်ဆောင်ပေးနေခြင်းကို ချက်ခြင်းရပ်တန့်ပြီး အုပ်ချုပ်ရေးမှူး ရာထူးကနေ ချက်ချင်းထွက်ဖို့နဲ့ ဆက်လက် လုပ်ကိုင်နေပါက မိသားစုအားလုံးရဲ့ အသက်အန္တရာယ်ကို အာမမခံကြောင်း ရေးသားထားပါတယ်။

သတိပေးစာပေးပို့တဲ့အဖွဲ့ဟာ ဘယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ကိုယ်စားပြုကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အမည်လည်း ထည့်သွင်းရေးသားထားတာကို မတွေ့ရဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က မကွေးတိုင်းထဲက စစ်ကောင်စီ ရဲ့အောက်ခြေထောက်တိုင် အဖွဲ့အစည်းဖြစ်တဲ့ အုပ်ချုပ်ရေး၊ ရဲနဲ့ ဝန်ထမ်းတွေ ရာထူးကနေထွက်ကြဖို့ နောက်ဆုံး အကြိမ် သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။