ရက္ခိုင့်တပ်တော် (AA) နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့က မိုးပညာဒါန ပရဟိတကျောင်းရဲ့ ဥက္ကဋ္ဌ ကိုအောင်ဝင်းနိုင်ကို မတ်လ ၁၄ ရက် ဒီကနေ့မှာ တရားရုံးက ထောင်ဒဏ် ၂ နှစ်ကျော်နဲ့ ဒဏ်ငွေ တစ်သိန်း ချမှတ်လိုက်ပါတယ်။
မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ-၁၇ (၁) အတွက် ထောင်ဒဏ်နှစ်နှစ်နဲ့ လိုင်စင်မဲ့ ကားမောင်းနှင်တဲ့အမှု အတွက် ထောင်ဒဏ် ၁၅ ရက်၊ ငွေဒဏ်တစ်သိန်း ချမှတ်ခံရတာလို့ ကိုအောင်ဝင်းနိုင်ရဲ့ ဇနီးဖြစ်သူ မတွယ်တာစိုးက RFA ကို ပြောပါတယ်။
''ဒီနေ့မှာပဲ ထောင်ဒဏ် ၂ နှစ်နဲ့ ၁၅ ရက်နဲ့ ငွေဒဏ်တစ်သိန်း ချမှတ်ခံလိုက်ရပါတယ်။ AA နဲ့ ဆက်စပ်တယ်ဆိုပြီး တရားစွဲထားတဲ့ ၁၇ (၁) အတွက် ထောင်ဒဏ် တစ်နှစ်၊ ပြီးတော့ လိုင်စင် မရှိတဲ့ကားကို မောင်းလို့ဆိုပြီး ပို့ကုန်၊ သွင်းကုန် ပုဒ်မအတွက် ထောင်ဒဏ် ၁၅ ရက်နဲ့ ငွေဒဏ်တစ်သိန်း ချမှတ်ခံလိုက်ရတာပါ။ ချုပ်ရက်ပါ ခံစားခွင့် ရှိပါတယ်''
ကိုအောင်ဝင်းနိုင်ဟာ ၂၀၂၁ ခုနှစ် ဇွန်လ အစောပိုင်းက တောင်ကုတ်-သံတွဲ ကားလမ်းမ ဖုံညိုတောင်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတာဖြစ်ပြီး ဖမ်းဆီးပြီး ၉ လလောက်နီးပါးအကြာမှာ ပြစ်ဒဏ်တွေ ချမှတ်ခံရတာ ဖြစ်ပါတယ်။ သူ့အတွက် အယူခံ ဆက်ဝင်သွားမယ်လို့လည်း ဇနီးဖြစ်သူက ဆိုပါတယ်။
သူ့ကို တောင်ကုတ်မြို့ (၅၅၄) တပ်ရင်းက ဗိုလ်ကြီးကျော်ဇင်ဦးနဲ့ တောင်ကုတ်မြို့မရဲစခန်းက ယာဉ်ထိန်းရဲ ဒုရဲအုပ်တစ်ဦးက တရားလိုလုပ်ပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးတရားစွဲခံထားရသူ ငါးဆယ်ကျော် ကျန်ရှိနေသေးတယ်လို့ အရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းတွေအရ သိရပါတယ်။
