ရွှေ့ပြောင်းလုပ်သားဗီဇာ ရန်ကုန်တွင် လျှောက်နိုင်ကြောင်း ထိုင်းသံရုံး ကြေညာ

Non-LA (Non-Immigrant) ဗီဇာလို့ခေါ်တဲ့ ရွှေ့ပြောင်း အလုပ်သမားဗီဇာကို ရန်ကုန်မြို့က ထိုင်းသံရုံးမှာ လျှောက်ထားနိုင်ပြီလို့ ထိုင်းသံရုံးက မေ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီ Non-LA ဗီဇာဟာ နှစ်နိုင်ငံ သဘောတူညီမှု (MOU) နဲ့ ခေါ်ယူထားတဲ့ အလုပ်သမားတွေအတွက် အဓိကရည်ရွယ်တာလို့ ထိုင်းနိုင်ငံမှာ ဗီဇာဝန်ဆောင်မှုပေးသူတစ်ဦးက RFA ကို ပြောပါတယ်။

“ပုံမှန်ဆို အစိုးရနှစ်ဖက် MOU (နှစ်နိုင်ငံ သဘောတူညီမှု) ထိုးပြီးတော့ ထိုင်းရောက်မှပဲ ဗီဇာကို ထုပေးတဲ့သဘောပေါ့။ အခုမြန်မာဘက်က လျှောက်ခွင့်ပေးလိုက်တော့ သံရုံးကနေ PJ (အလုပ်လုပ်ခွင့် နိုင်ငံကူးလက်မှတ်) စာအုပ်ပေါ် တုံးထုလာလို့ရတဲ့သဘော သက်ရောက်တယ်။ ပိုလွယ်ကူတဲ့လုပ်ငန်းစဥ် ဖြစ်သွားတယ်”

ပြည်ပ အလုပ်အကိုင် ခေါ်ယူရေးအတွက် လုပ်ကိုင်ခွင့်ရထားတဲ့ ကုမ္ပဏီတွေက အွန်လိုင်းကနေ ကြိုတင်ရက်ချိန်းယူ လျှောက်ထားရမှာဖြစ်ပြီး တစ်ရက် လူလေးရာ လက်ခံမယ်လို့ ထိုင်းသံရုံးက ဖော်ပြထားပါတယ်။

လျှောက်ထားတဲ့ ဗီဇာတွေကို သုံးရက်အတွင်း လုပ်ဆောင်ပေးသွားမယ်လို့လည်း ထိုင်းသံရုံးက ဆိုပါတယ်။

စစ်ကောင်စီကတော့ MOU နဲ့ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်မယ့် အသက် ၂၃ နှစ်ကနေ ၃၁ နှစ်ကြား အမျိုးသားတွေကို မေ ၁ ရက်နေ့ကစလို့ ယာယီပိတ်ပင်ကြောင်း ကြေညာထားပါတယ်။