လျှပ်စစ်မီးဖြတ်တောက်မှု မြန်မာဘက်က မတုံ့ပြန်ကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီး ပြော

RFA Burmese
2025.02.06
လျှပ်စစ်မီးဖြတ်တောက်မှု မြန်မာဘက်က မတုံ့ပြန်ကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီး ပြော ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဖွန်သမ် ဝဲချ ရာချိုင် (Phumtham Wechayachai) အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့က ဘန်ကောက်မြို့တွင် တွေ့ရစဉ်။
Lillian SUWANRUMPHA / AFP Photo

ထိုင်း-မြန်မာနယ်စပ်က နေရာငါးခုကို လျှပ်စစ်မီးဖြတ်တောက်မဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မြန်မာကို အသိပေးခဲ့ပေမဲ့ တုံ့ပြန်မှုမရှိဘူးလို့ ထိုင်း ကာကွယ်ရေးဝန်ကြီး ဖွန်သမ် ဝဲချ ရာချိုင် (Phumtham Wechayachai) က ပြောကြောင်း မလေးရှားသတင်း The Star က ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ဖော်ပြပါတယ်။

ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာဘက်ကို ဖေဖော်ဝါရီ ၄ ရက်နေ့ညက တရားဝင် အသိပေးခဲ့ပေမဲ့ တုံ့ပြန်မှုမရှိခဲ့တာလို့ ဆိုပါတယ်။

တရုတ်နိုင်ငံသားတွေ လုပ်ကိုင်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ လျှပ်စစ်မီးပြတ်တောက်မှုအတွက် မီးစက်တွေအသုံးပြုဖို့ ပြင်ဆင်နေတာကို ထိုင်း ထောက်လှမ်းရေး အေဂျင်စီတွေက သိရှိထားပြီးဖြစ်တယ်လို့ ထိုင်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ဒါပေမဲ့ ထိုင်း စွမ်းအင်ဝန်ကြီးဌာနက မြန်မာနယ်စပ်တစ်လျှောက် ၅၉ နေရာမှာ လောင်စာဆီရောင်းချမှုကို ပြန်လည်ထိန်းညှိသွားမှာ ဖြစ်တာကြောင့် ရာဇဝတ်လုပ်ငန်းတွေ ရေရှည်လည်ပတ်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါက မြန်မာနိုင်ငံသားတွေနဲ့ ဆေးရုံတွေကို ထိခိုက်မှုရှိနိုင်ပေမဲ့ လိမ်လည်မှုတွေကြောင့် ထိုင်း နိုင်ငံသားတွေရဲ့ ငွေကြေးအမြောက်အများ ဆုံးရှုံးနေရမှုကို ဦးစားပေးဖို့ထက် ထိုင်းနိုင်ငံမှာ ရွေးချယ်စရာမရှိဘူးလို့ ထိုင်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံကသာ သူတို့ရဲ့ ဆေးရုံတွေနဲ့ စီးပွားရေးအတွက် စိုးရိမ်တယ်ဆိုရင် ဒီရာဇဝတ်ဂိုဏ်းတွေကို နိုင်ငံတွင်း လုပ်ကိုင်ခွင့်မပေးသင့်ဘူးလို့ ထိုင်း ကာကွယ်ရေးဝန်ကြီးက ပြောကြားကြောင်း The Star က ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။