အွန်လိုင်းလောင်းကစားမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ထိုင်း ဒုရဲချုပ်နေအိမ်ကို ဝင်စီး
2023.09.25
အွန်လိုင်းလောင်းကစားတွေမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ထိုင်းနိုင်ငံ ဒုရဲချုပ် ဆူရာခိတ် (Surachate) ရဲ့ ဘန်ကောက်မြို့က နေအိမ်ကို ဆိုက်ဘာမှုခင်းစုံစမ်းစစ်ဆေးရေးဌာန CIBB က စက်တင်ဘာ ၂၅ ရက်နေ့ တနင်္လာနေ့မနက်မှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ Bangkok Post သတင်းက ဖော်ပြပါတယ်။
ဒီစီးနင်းမှုမှာ ဆိုက်ဘာရဲတပ်ဖွဲ့ဝင်တွေအပြင် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဌာန ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကွန်မန်ဒို တပ်ဖွဲ့တွေပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရဲတပ်ဖွဲ့ ကလပ်အနောက်က နေအိမ်ငါးလုံးကိုလည်း စီးနင်းခဲ့ပြီး အဲဒီနေအိမ်တွေက ဒုရဲချုပ်က သူ့လက်အောက်ငယ်သားတွေကို ဝယ်ပေးခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
သူ့ရဲ့နေအိမ်ကို ဝင်ရောက်စစ်ဆေးဖို့ ရဲချုပ်က အစပိုင်းမှာ ငြင်းဆန်ခဲ့ပြီး CIBB ကော်မရှင်နာ ဒုတိယ ရဲဗိုလ်ချုပ်ကြီး ရောက်လာမှ နေအိမ်ကို ဝင်ရောက်စစ်ဆေးခွင့် ပြုခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ဆေးမှုမှာ ဘန်ကောက်နဲ့ အခြား ခရိုင်တွေက နေအိမ် ၃၀ ပါဝင်ခဲ့ပြီး အဲဒီအိမ်အားလုံးဟာ ဒုရဲချုပ် ဆူရာခိတ်ရဲ့ လက်အောက်အရာရှိတွေရဲ့ နေအိမ်တွေဖြစ်နေတယ်လို့ သတင်းက ဖော်ပြပါတယ်။ သူတို့အားလုံးဟာ ဘတ်ငွေ သန်းတစ်ထောင်နဲ့လည်ပတ်နေတဲ့ လာအိုနိုင်ငံက အွန်လိုင်းလောင်းကစားတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုပြီး ဖမ်းဝရမ်းထုတ် ရှာဖွေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒုရဲချုပ် ဆူရာခိတ် (Surachate)ဟာ ထိုင်းနိုင်ငံရဲ့ ဒုရဲချုပ် လေးဦးထဲက တစ်ဦးဖြစ်ပြီး အခုစက်တင်ဘာလကုန်မှာ အနားယူမယ့် ရဲချုပ် ဒမ်မရွန်ဆပ် ကစ်တိပရာပပ်စ် (Damrongsak Kittiprapas) ရဲ့နေရာကို ဆက်ခံဖို့ သင့်လျော်သူတစ်ဦးဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။