နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း စွဲချက်တင်ခံထားရတဲ့ ရာဇသတ်ကြီးပုဒ်မ- ၅၀၅ (က) အမှုအတွက် မတ်လ ၁၀ ရက် ဒီနေ့ရုံးချိန်းမှာ အပြီးသတ် လျှောက်လဲချက် ပေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဦးသန့်ဇင်ထွန်း ဟာ ရာဇသတ်ကြီးပုဒ်မ- ၅၀၅ (က) နဲ့ အမှုနှစ်ခု စွဲဆိုခံထားရတာပါ။
ပထမအမှုအတွက် ပုဒ်မ - ၅၀၅ (က)ရဲ့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်သုံးနှစ်ကို ဇန်နဝါရီလ ၂၀ ရက်နေ့က အမိန့်ချမှတ်ခံရပြီးနောက် မန္တလေးတိုင်း၊ ရမည်းသင်း အကျဉ်းထောင်ကို ပို့ဆောင်ခံထားရပါတယ်။
နောက်ထပ် ကျန်ရှိနေတဲ့ ဒုတိယအမှုအတွက် အပတ်စဉ် ရုံးချိန်းရက်တိုင်း ရမည်းသင်း အကျဉ်းထောင်ကနေ နေပြည်တော် အကျဉ်းထောင်တွင်း တရားရုံးကို လာရောက် အစစ်ဆေးခံနေရတာလည်း ဖြစ်ပါတယ်။
ဦးသန့်ဇင်ထွန်း ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် မတ်လ ၁ ရက်နေ့မှာ အဖမ်းခံခဲ့ရ တာပါ။
ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) ဟာ ပြည်ထောင်စုအစိုးရရဲ့ ကြည်း၊ ရေ၊ လေတပ်က အရာရှိ ဒါမှမဟုတ် တပ်သားကို စစ်ပုန်ကန်အောင်၊ တာဝန်ဝတ္တရားကို မလေးစား ပျက်ကွက်အောင် ပြုလုပ်မှုအတွက် ပြဋ္ဌာန်းထားတဲ့ ပုဒ်မဖြစ်ပြီး မူလက အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်ပါတယ်။
ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အဲဒီပုဒ်မကို ထောင်ဒဏ် သုံးနှစ်အထိ တိုးမြှင့် ပြင်ဆင်ထားပါတယ်။
နေပြည်တော် NLD ဥက္ကဋ္ဌ ဦးမင်းသူ ဟာလည်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ - ၅၀၅ (က) နဲ့ပဲ နေပြည်တော် အကျဉ်းထောင်တွင်း တရားရုံးက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၂ ရက်က ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရပါတယ်။