စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ မတ်လ ၁၀ ရက် မနေ့က မင်္ဂလာဥယျာဥ်ရပ်ကွက်မှာ နေထိုင်တဲ့ ဦးကျော်မြင့်နဲ့ အောင်သစ္စာရပ်ကွက်မှာနေထိုင်တဲ့ ကိုဇော်သက်ထွန်း၊ ဒေါ် ကြူမွှေးတို့ သုံးဦးဟာ နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတွေက RFA ကို ပြောပါတယ်။
ကိုဇော်သက်ထွန်းနဲ့ ဒေါ်ကြူမွှေးဟာ PDF အဖွဲ့တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတာဖြစ်ပြီး ဦးကျော်မြင့်ကတော့ အွန်လိုင်းပေါ်မှာ အမုန်းစကားဖြန့်ချိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတာလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
သူတို့ကို စစ်ကောင်စီတပ်သားတွေက အင်အားအများအပြားနဲ့ နေအိမ်ကို လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ကလေးမြို့ဒေသ ကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) ကို ခေါ်သွားတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
ကလေးမြို့နယ်မှာတော့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကနေ အခုအချိန်အထိ ဖမ်းဆီးခံရသူ ၂၂၃ ဦးအထိ ရှိနေတယ်လို့ ကလေးမြို့ပင်မသပိတ် ဦးဆောင်သူတွေက ပြောပါတယ်။