လွိုင်ကော်မှာ လက်နက်ကြီးထိပြီး ကလေးသုံးဦး ပွဲချင်းပြီးသေဆုံး

ကယား(ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့နယ်၊ လွယ်ထွဲရွာထဲကို မတ်လ ၈ ရက် ဒီနေ့နေလယ်ပိုင်းက စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ကလေးသုံးဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက RFA ကိုပြောပါတယ်။

အဲ့ဒီနေရာမှာ တိုက်ပွဲဖြစ်တာ မရှိဘဲ စစ်ကောင်စီဘက်က ရမ်းသမ်း ပစ်ခတ်လိုက်တာလို့ ကရင်နီပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင် ရဲဘော်ဂျိုကာက ပြောပါတယ်။ ကလေးတွေ ဆော့ကစားနေတဲ့နေရာကို ရုတ်တရက် လက်နက်ကြီးကျည် ကျလာတာလို့ ဆိုပါတယ်။

“သူတို့မိသားစုက အိမ်မှာ ရှိနေတဲ့အချိန်ပေါ့နော်။ ကလေးတွေက သစ်ပင်အောက်မှာ ဆော့ကစားနေတဲ့ အချိန်မှာ လက်နက်ကြီးကျည်ဆန် ရုတ်တရက် ကျလာတာ။ အဲဒီ လက်နက်ကြီးကျတဲ့နေရာ ပတ်ဝန်းကျင်မှာ ဆော့နေတဲ့ ကလေး လေးယောက်၊ အဖေလည်း ရှိတယ်။ လက်နက်ကြီးစတွေ ထိခိုက်မိကုန်လို့ ကလေးသုံးယောက်ကတော့ ပွဲချင်းပြီး သေသွားတယ်”

သေဆုံးသွားတဲ့ ကလေးသုံးယောက်လုံးဟာ အသက် ၁၀ နှစ်အောက်တွေ ဖြစ်ပါတယ်။ လက်နက်ကြီးကျတဲ့ နေရာအနီးနားမှာရှိနေတဲ့ ကလေးငယ်တဦးရဲ့ ဖခင်ဖြစ်သူ ဦးလှထွန်းနဲ့ အသက် ၁၅ နှစ်အရွယ် သမီးဖြစ်သူလည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသူ သားအဖနှစ်ဦးကို လွိုင်ကော်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ အဲ့ဒီ PDF တပ်ဖွဲ့ဝင်က ပြောပါတယ်။ လက်နက်ကြီးထိမှန် သေဆုံးသွားတဲ့ ကလေးတွေရဲ့ မိသားစုတွေကို မေးမြန်းနိုင်ဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။

ဒီကလေးတွေ သေဆုံးမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းဆက်ပေမယ့် ဖုန်းဆက်သွယ်လို့ မရသေးပါဘူး။

လွိုင်ကော်မြို့နယ်ထဲက လွယ်ထွဲရွာ၊ သုံးမိုင်၊ ပကြဲရွာ၊ မော်ချီးစုစည်းရွာတွေဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်ကနေ စက်တင်ဘာလအထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တဲ့နေရာတွေဖြစ်ပြီး ဒေသခံတော်တော်များများ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

လက်ရှိ အဲ့ဒီဒေသတွေမှာ နယ်မြေတည်ငြိမ်စပြုလာလို့ ကိုယ့်ရွာထဲကိုယ် ရွာသားတွေ ပြန်နေနေကြတဲ့အချိန်မှာ ဒီနေ့ လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခံရတာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကယား (ကရင်နီ) ပြည်နယ်ထဲမှာ တိုက်ပွဲတွေကြောင့် သေဆုံးရတဲ့ အရပ်သား စုစုပေါင်း ၂၂၁ ဦးရှိတယ်လို့ တိုးတက်သောကရင်နီ ပြည်သူ့အင်အားစုက မတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။