မူးယစ်ဆေးပြတ်သွားတဲ့သူတွေကို TNLA ပြန်လွှတ်

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်နယ်မြေထဲမှာ မူးယစ်ဆေးသုံးလို့ ဖမ်းဆီးခံထားရတဲ့သူ အယောက် ၅ဝ ကို ဆေးဖြတ်ပေးပြီးနောက် ပြန်လွှတ်ပေးလိုက်တယ်လို့ TNLA က ဇွန်လ ၁၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ မူးယစ်ဆေးရောင်းဝယ် သုံးစွဲသူတွေ ပိုများလာတာကြောင့် ဖမ်းဆီးပြီး မူးယစ်ဆေးဖြတ်ပေးနေတယ်လို့ ဆိုပါတယ်။

အခု လွှတ်ပေးလိုက်တဲ့ အယောက် ၅ဝ ကတော့ TNLA ထိန်းချုပ်တဲ့ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်နဲ့ နမ္မတူ စတဲ့ မြို့နယ်နေသူတွေဖြစ်ပြီး သူတို့တွေကို ခြောက်လကြာ ဆေးဖြတ်စခန်းမှာ အကျင့်စာရိတ္တပြုပြင်ရေးသင်တန်းတွေ ပေးခဲ့တယ်လို့လည်း TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လွတ်လာတဲ့သူတွေဟာ နောက်ထပ်ဆေးသုံးစွဲမယ်ဆိုရင် ပြန်အဖမ်းခံရမှာဖြစ်ပြီး သုံးနှစ်အထိ ဆေးဖြတ်စခန်းမှာ နေရမယ်လို့လည်း သတိပေးထားပါတယ်။

မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ပေါင်းတဲ့ ၁ဝ၂၇ စစ်ဆင်ရေးပြီးနောက် ရှမ်းပြည်မြောက်ပိုင်းက နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ နမ္မတူ စတဲ့မြို့နယ်တွေကို TNLA က ထိန်းချုပ်ထားတာဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူတွေကို အရေးယူနေတာ ဖြစ်ပါတယ်။