တအာင်းဒေသမှာ ခေတ်အဆက်ဆက်အစိုးရတွေ ထုတ်ပေးခဲ့တဲ့ သတ္တုလုပ်ငန်းတွေအပါအဝင် အခြားပုဂ္ဂလိကလုပ်ငန်း ခွင့်ပြုမိန့်တွေ၊ လိုင်စင်တွေကို အသိအမှတ်မပြုဘူးလို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က မေလ ၃၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အရင်အစိုးရအဆက်ဆက်က သက်ဆိုင်ရာဌာနတွေဆီကနေ ခွင့်ပြုမိန့်တွေ၊ လိုင်စင်တွေရယူပြီး တအာင်းဒေသမှာ လုပ်ကိုင်နေတဲ့ သတ္တုတွင်းလုပ်ငန်းတွေနဲ့ အခြားပုဂ္ဂလိကလုပ်ငန်းတွေ ယာယီရပ်ဆိုင်းရမှာဖြစ်ပြီး ဆက်လက်လုပ်ကိုင်မယ်ဆိုရင် ခွင့်ပြုမိန့်ရယူရမယ်လို့ ဆိုပါတယ်။
ခွင့်ပြုမိန့်တွေကို နိုဝင်ဘာလ ၃၀ ရက်နေ့မတိုင်ခင်ယူရမှာဖြစ်ပြီး သတ်မှတ်ကာလကျော်လွန်သွားရင် အဲဒီလုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ အဆောက်အဦတွေ၊ ပစ္စည်းတွေကို တအာင်းပြည်သူပိုင်အဖြစ် သိမ်းသွားမယ်လို့လည်း ဆိုပါတယ်။ လုပ်ငန်းဆက်လက်လည်ပတ်နေမယ်ဆိုရင် ဥပဒေအရ အပြစ်ပေးအရေးယူသွားမယ်လို့ အထွေထွေအုပ်ချုပ်ရေးမှူး- ဗိုလ်မှူးချုပ် တားဂူးဂျာ လက်မှတ်ရေးထိုး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် တအာင်းဒေသမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအတွက် စီမံချက်လုပ်ငန်းတွေ ပြင်ဆင်ဆောင်ရွက်နေဆဲကာလဖြစ်တာကြောင့် မြေရှားသတ္ထုစမ်းသပ်ရှာဖွေတာ၊ တူးဖော်တာတွေကို လုပ်ကိုင်ခွင့်မပြုဘူးလို့လည်း မေလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒီကြေညာချက်တွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ မိုင်းငေါ့၊ နမ့်ခမ်းနဲ့ မိုင်းလုံ စတဲ့မြို့တွေအပါအဝင် ရှမ်းပြည်မြောက်ပိုင်းက မြိုပေါင်း ၁၆ မြို့ကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က သိမ်းပိုက်ထားပါတယ်။