မြန်မာစစ်ခေါင်းဆောင်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်နေပေမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်မယ်လို့ မယုံကြည်ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA) ရဲ့ ဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် တားဂျုတ်ဂျားက ဒီနေ့ ပြောလိုက်ပါတယ်။
ဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရလက်ထက်လို တိုင်းပြည်တည်ငြိမ်တယ်လို့ ယူဆရတဲ့ အချိန်မှာတောင် ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်ခဲ့တာကြောင့် အခြေအနေတွေ ရှုပ်ထွေး နေတဲ့ အခုလိုကာလမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ဆိုတာ မယုံကြည်တဲ့ အတွက် TNLA အနေနဲ့ စစ်ခေါင်းဆောင်ကဖိတ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက် ရောက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် အခုငြိမ်းချမ်းရေးဖိတ်ခေါ်မှုမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့လုံး မပါဝင်သလို စစ်ကောင်စီနဲ့ စင်ပြိုင် NUG အစိုးရလက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မပါဝင်တာကြောင့်လည်း TNLA အနေနဲ့ ဆွေးနွေးပွဲကို မတက်ရောက်ဖို့ ဆုံးဖြတ် ခဲ့တာလို့လည်း ဗိုလ်ချုပ် တားဂျုတ်ဂျားက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်အနှံ့ ပေါ်ပေါက်နေတဲ့ လူထုတော်လှန် ရေးအဖွဲ့တွေ မပါဝင်ဘဲ စစ်မှန်တဲ့ငြိမ်းချမ်းရေး ရမှာမဟုတ်သလို လက်ရှိစစ်ကောင်စီ ဥက္ကဋ္ဌနဲ့ တွေ့ဆုံဖို့ စာရင်းပေးထားတဲ့တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ ဆွေးနွေးလို့ လည်း စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေကို ရရှိမှာမဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။
TNLA အနေနဲ့ လူထုတင်မြှောက်ပြီး လူထုလက်ခံတဲ့ အစိုးရလက်ထက် တိုင်းပြည်တည် ငြိမ်မှပဲ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စဉ်းစားမယ်လို့ ဆိုပါတယ်။
လက်ရှိအခြေအနေအတိုင်း ဆက်သွားနေရင် တိုင်းပြည်အတွက် ပိုမိုဆိုးရွားတဲ့ အခြေအနေ တွေကိုသာ ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် စစ်ခေါင်းဆောင်နဲ့ NUG အစိုးရအနေနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ရှေ့မှာ တွေ့ဆုံညှိနှိုင်းအဖြေရှာကြဖို့ လိုအပ် တယ်လို့ ဗိုလ်ချုပ် တားဂျုတ်ဂျားက ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ NUG၊ PDF အဖွဲ့တွေနဲ့ ဆွေးနွေးစရာအကြောင်း မရှိဘူးလို့ တုံ့ပြန်ပြောဆိုထားပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ် ချက်အပေါ် NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ် မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNLO) စတဲ့ အဖွဲ့တွေက တက်ရောက်ဖို့ စာရင်းပေးထားပါတယ်။
NCA စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက UWSA ‘ဝ’ တပ်ဖွဲ့ ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မိုင်းလားအဖွဲ့ (NDAA) စတဲ့ အဖွဲ့သုံးဖွဲ့ တက်ရောက်မှာ ဖြစ်ပါတယ်။
အဲဒီအထဲက NCA လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ မေလ ၂၀ ရက်နေ့မှာ ပထမဆုံး ဆွေးနွေးခဲ့ပြီး ဒီနေ့မှာတော့ မွန်ပြည်သစ်ပါတီနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
စစ်တပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုး သား အစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုး သားတပ်ဦး (CNF) တို့ကတော့ စစ်ကောင်စီနဲ့ လာရောက်တွေ့ဆုံဖို့ ငြင်းဆိုထားပါတယ်။
ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ (TNLA) နဲ့ ကိုးကန့် တပ်ဖွဲ့ (MNDAA) ညီနောင်သုံးဖွဲ့ အနေနဲ့လည်း စစ်ကောင်စီနဲ့ တွေ့ ဆုံဖို့ငြင်းဆိုထားပြီး TNLA ကတော့ ဘာကြောင့်မတက်ရောက် ဆိုတာကို ဒီနေ့ ထုတ်ဖော်ပြောလာတာ ဖြစ်ပါတယ်။