TNLA၊ SSPP ပူးပေါင်းအဖွဲ့နဲ့ RCSS တိုက်ပွဲကြောင့် အရပ်သား လေးဦး သေဆုံး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ကလောဝိုင်းကျေးရွာအနီးတစ်ဝိုက်မှာ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းတိုက်ပွဲကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား လေးဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိသလို လူဦးရေရှစ်ရာလောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

အခုလ ဆယ့်ငါးရက်နဲ့ ဆယ့်ခြောက်ရက်တွေမှာ ကျောက်မဲ-မိုးကုတ်လမ်းပိုင်းအနီးက တော့ဆန်၊ ညောင်မောင်း၊ ကလောဝိုင်းစတဲ့ ကျေးရွာတွေမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တအာင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပူးပေါင်း အဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲကြောင့် နေအိမ်တွေအပေါ် လက်နက်ကြီးကျလို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် လေးဦး သေဆုံးခဲ့ပါတယ်။

လက်နက်ကြီးကျလို့ နှစ်ဦးကနေရာမှာပဲ သေဆုံးသလို ကျန်နှစ်ဦးက ဆေးရုံပို့ဖို့သယ်ဆောင်ချိန်မှာပဲ သေဆုံးခဲ့တာလို့ ထွက်ပြေးလာသူတွေကို ကူညီနေတဲ့ ပန်စံရွာရပ်မိရပ်ဖ ကိုအောင်နိုင်က ပြောပါတယ်။

"ကလောဝိုင်း၊ ကုန်းသာ၊ တော့ဆန် နောက် ကျွန်တော်တို့ စာပို့ရွာ အဲဘက်ခြမ်းတွေအားလုံး RCSS နဲ့ တပ်ပေါင်းစု သုံးဖွဲ့ သူတို့က တိုက်ပွဲတွေဖြစ်နေလို့ပေါ့၊ ပွဲချင်းပြီး သေတာ နှစ်ယောက်ရှိတယ်၊ နောက်ပြီး သူတို့ဒဏ်ရာရလို့ လမ်းမှာခေါ်ထုတ်သွားတဲ့ သူနှစ်ယောက်လည်း ဆုံးတယ်၊ လေးယောက်ပေါ့၊ ဒဏ်ရာရတဲ့သူက ငါးယောက်၊ ခြောက်ယောက်လောက်ရှိတယ်၊ အဲဟိုဟာ လက်နက်စမှန်တဲ့ဟာတွေ တောင်ပို့လို့နဲ့ ကလေားဝိုင်းက သူတွေပါပဲ"

သေဆုံးသူဟာ အမျိုးသမီးသုံးဦးနဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး ဒဏ်ရာရသူ အမျိုးသားနှစ်ဦး အမျိုးသမီးခြောက် ဦးရှိတယ်လို့လည်း ဆိုပါတယ်။ ကလောဝိုင်းနဲ့ ပန်ခါးကျေးရွာက နေအိမ်နှစ်လုံး မီးလောင်ခဲ့သလို တချို့လက်နက်ထိမှန်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

ကျေးရွာသားတွေဟာ တိုက်ပွဲကြောင့် ပိတ်မိနေခဲ့ကြပြီး အခုလ ၁၆ ရက်နေ့မှာ အနီးအနားက ပန်စံကျေးရွာကို ထွက်ပြေးလာခဲ့ကြတာပါ။ လက်ရှိမှာ ပန်စံ၊ အုမ်ငင်း၊ ကန့်ကန်ကျေးရွာ စတဲ့နေရာသုံးခုမှာ ထွက်ပြေးလာသူ ရှစ်ရာကျော်ရှိပြီး စောင်တွေ၊ စားစရာတွေ လိုအပ်နေတယ်လို့ သွားရောက်ကူညီခဲ့တဲ့ ကျောက်မဲမြို့ဇီဝိတ လူမှုကူညီရေးအသင်းက ဦးတင်မောင်သိန်းက ပြောပါတယ်။

"ဆရာတော်၊ သံဃာတော်များလည်း ပါပါတယ်၊ သူတို့က မေတ္တာရပ်ခံတဲ့အခါကျတော့ အောက်ခြေမှာရှိတဲ့ နှစ်ဖက်ရင်ဆိုင်နေတဲ့အဖွဲ့တွေက အထက်ကိုတင်ပြဦးမယ်ဆိုပြီးတော့ လုပ်ကြတာလေ၊ အထက်ကလည်း ခွင့်ပြုဟန်တူပါတယ် ပိတ်မိနေတဲ့ရွာသားတွေကို ထွက်ခွင့်ပြုလိုက်ပါပေါ့၊ အဲဒါကြောင့် ဝုန်းဆိုထွက် လာတာ၊ ပန်စံရွာမှာတင် လေးရာကျော်ရှိတယ်"

လတ်တလော ထွက်ပြေးလာသူတွေ ထပ်ရှိနေပြီး နေရေးထိုင်ရေးတွေမှာ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

အဲဒီဒေသတွေမှာ ပြီးခဲ့တဲ့လတွေထဲကပဲ RCSS နဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး ကျောက်မဲမြို့ နယ်ကို ထွက်ပြေးတဲ့ ဒေသခံတွေလည်းရှိခဲ့ပါတယ်။

တိုက်ပွဲနဲ့ပတ်သက်ပြီး တိုင်ရင်းသား လက်နက်ကိုင်တွေကို ဆက်သွယ်ရာမှာ ဆက်သွယ်လို့ မရသေးပါးဘူး။

TNLA ဘက်ကတော့ သူတို့ထိန်းချုပ်ရာနေရာတွေကို RCSS က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အတွက် ပြန်လည် တိုက်ယူမယ်လို့ ပြောထားပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းစု ကတော့ လက်ရှိတိုက်ပွဲဟာ ဗဟိုကညွှန်ကြားမှု မဟုတ်ဘဲ အောက်ခြေတပ်တွေ အချင်းချင်းဖြစ်တာဖြစ်ပြီး နယ်မြေ ကျော်လွန်မှုတွေကြောင့် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ဒီနေ့အချိန်အထိ ကျောက်မဲမြို့နယ် တော့ဆန်၊ ညောင်မောင်း၊ ကလောဝိုင်း၊ တုံခမ်းကျေးရွာတွေတဝိုက် စစ်ရေးတင်မားနေပြီး တိုက်ပွဲအချိန်မရွေး ဆက်ဖြစ်နိုင်မယ့် အခြေအနေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။