ထားဝယ်ခရိုင်အတွင်း စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်ခံနေရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲက မြို့နယ်လေးခုမှာရှိတဲ့ ဒေသခံတွေရဲ့ စားနပ်ရိက္ခာ သယ်ယူခွင့်ကို စစ်ကောင်စီတပ်က ကန့်သတ်မှုတွေ ပိုလုပ်လာနေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ထားဝယ်ခရိုင်ထဲက သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူနဲ့ ထားဝယ် စတဲ့ မြို့နယ်တွေမှာ အခုလို ကန့်သတ်မှုတွေ လုပ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။စစ်ဘေးဒုက္ခသည် တွေအတွက် ဆန်၊ ပဲ၊ ဆေးဝါးနဲ့ အမိုးအကာ လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်တွေကို အဓိကထား ကန့်သတ်နေတယ်လို့ တောင်ပျောက်တိုက်နယ် စစ်ဘေးဒုက္ခသည်ကူညီရေး အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ကောင်စီက စားနပ်ရိက္ခာ သယ်ယူတာကို အရင်ကတည်းက ခွင့်မပြုဘူး။ အခု ပိုဆိုးလာတာက ဆန်တွေ၊ စစ်ဘေးရှောင်တွေနဲ့ ပတ်သက်တဲ့ အသုံးအဆောင်ပစ္စည်း တွေ၊ စားသောက်ကုန်တွေကို ပေါ်တင်သယ်လို့ မရဘူး။ သယ်ရင်လည်း တစ်အိတ် လောက်ပဲ သယ်လို့ရတယ်။ အဲလိုမျိုးအထိ အခုက ကန့်သတ်ချုပ်ချယ်လာတယ်"

ကုန်စုံဆိုင်တွေလည်း ကုန်ပစ္စည်းသယ်ဖို့အတွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာလက်မှတ်ကို ကားပိုင်ရှင်တွေထံ ပေးနေရသလို ဆန်သယ်ယူခွင့်ကလည်း ဆယ်အိတ်ကနေ အိတ် သုံးဆယ်အထိပဲ ခွင့်ပြုပေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆန်ဆိုင်တွေကနေ ဆန်အိတ်များများ လာဝယ်ယူတဲ့သူတွေရဲ့ ဘောက်ချာ တွေကိုလည်း စစ်ကောင်စီတပ်က စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရိက္ခာသယ်ယူခွင့် ကန့်သတ်မှုအချို့ကို ၂၀၂၂ ခုနှစ် နှစ်စပိုင်းကတည်းက စလုပ်ဆောင်ခဲ့ပြီး လက်ရှိ သုံးလတာ ကာလမှာတော့ ပိုပြီးတင်းကျပ်လာတယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့က တွေ့ရင်သိမ်းတယ်။ ပိုက်ဆံပေးရတယ်။ တွေ့ရင်တောင်မှ သူတို့ကို လက်ဖက်ရည်ဖိုးတွေ ပေးရတယ်။ အရင်တုန်းကလို လေးငါးထောင်နဲ့ ပေးရတာမျိုး မဟုတ်တော့ဘူး။ သောင်းဂဏန်းနဲ့ချီ ပေးရတာမျိုးတွေ ရှိလာတယ်"

စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ဒေသခံတွေရဲ့ စားသောက်ကုန်ပစ္စည်းတွေကို ဓားနဲ့ထိုးဖောက် စစ်ဆေးတာမျိုးတွေအပြင် အမျိုးသားတွေကို PDF နဲ့ ပတ်သက်တယ် ဆိုတဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေပါ ရှိနေတယ်လို့ ဆိုပါတယ်။

အခုလို သယ်ယူရအခက်အခဲတွေကြောင့် သရက်ချောင်းမြို့နယ်ထဲကို ရိက္ခာတွေ သယ်မရဖြစ်နေပြီး ဒေသခံတွေ စားနပ်ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေရသလို နာမကျန်းမှုတွေလည်း အဖြစ်များနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

လက်ရှိ လောင်းလုံး၊ သရက်ချောင်းနဲ့ ရေဖြူမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲတွေဖြစ်နေသလို စစ်ကောင်စီတပ်ဘက်က ဖြတ်လေးဖြတ် လုပ်နေတာကြောင့် စားနပ်ရိက္ခာ သယ်ယူဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလို့ ဒေသခံတွေက ပြောပါတယ်။