ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကိုးတိုင်- ကြာအင်းဆိပ်ကြီး ကားလမ်းမှာ လမ်းကြေးကောက်နေတဲ့ နယ်ခြားစောင့် (BGF) တပ်ဖွဲ့ဝင် နှစ်ယောက် ဒီကနေ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၁၄ ရက် ဒီကနေ့ မနက် ၈ နာရီကျော်မှာ အမည်မသိ လူနှစ်ယောက် ဂိတ်ကို ရောက်လာပြီး ပစ်သတ်သွားတာလို့ ဆိုပါတယ်။
"ပွဲချင်းပြီး သေတယ်ဗျ။ အဲဒီလမ်းတောက်လျှောက်မှာ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ BGF ဂိတ်တွေ၊ KNLA-PC ဂိတ်တွေ၊ ရဲဂိတ်တွေရှိတယ်။ ဖြစ်စဉ် ဖြစ်သွားတဲ့ ဂိတ်ကတော့ ကိုးတိုင်နဲ့ အနီးဆုံးဂိတ်ပေါ့" လို့ အမည်မဖော်လိုတဲ့ ဒေသခံက RFA ကို ပြောပါတယ်။
ကိုးတိုင် - ကြာအင်းဆိပ်ကြီး ကားလမ်းတစ်လျှောက်မှာ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ဂိတ်ပေါင်း ရှစ်ဂိတ်လောက်ရှိတယ်လို့လည်း ဆိုပါတယ်။
ဒီလမ်းတစ်လျှောက်ဟာ စစ်ကောင်စီရဲ့ နယ်မြေဖြစ်တာကြောင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ဝင်ရောက်လှုပ်ရှားဖို့ မလွယ်ကူတဲ့နေရာတွေ ဖြစ်တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ်၊ မြဝတီ - ကော့ကရိတ် အာရှ လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ် ခြေလျင် ချီတက်လာပြီးနောက် လမ်းပိုင်းပေါ်မှာ ရှိနေတဲ့ ခရီးသည်ယာဉ်တစ်စီးနဲ့ ကုန်တင်ကား၊ အိမ်စီးကား အပါအဝင် ကားငါးစီး မီးလောင်ကျွမ်းခဲ့ရပါတယ်။
အဲဒီနေ့မတိုင်ခင်ကလည်း တောနော် သဘာဝရေတံခွန်အနီးက တံတား ဖောက်ခွဲခံခဲ့ ရတာကြောင့် အဲဒီတံတားပြင်မယ်ဆိုပြီး လက်ရှိ သွားလာခွင့် ပိတ်ထားပါတယ်။