ကန့်ဘလူခရိုင် လက်ခုပ်ကုန်းရွာထဲ လက်နက်ကြီးကျည်ကျလို့ နှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်ထဲက ရွှေဘို - မြစ်ကြီးနားကားလမ်းဘေးက လက်ခုပ်ကုန်း ရွာထဲကို မတ်လ ၁၉ ရက် ဒီမနက်က လက်နက်ကြီးကျည် ကျရောက်ခဲ့လို့ ငါးနှစ်အရွယ် ကလေးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီမနက် ၉ နာရီဝန်းကျင်က လက်ခုပ်ကုန်းရွာက အုတ်ဖုတ်တဲ့နေရာအနီးကို လက်နက်ကြီး ကျည်တွေ ကျရောက်ရာ အသက် ငါးနှစ်အရွယ် ကလေးတစ်ယောက်နဲ့ အသက် ၂၈ နှစ် အရွယ် မသီတာမြင့် ဆိုသူတို့ သေဆုံးသွားတယ်လို့ လက်ခုပ်ကုန်း ဒေသခံတစ်ဦးက ပြောပါတယ်။

"လက်ရှိ ဒဏ်ရာရတာ သုံးယောက်၊ ဆုံးသွားတာက နှစ်ယောက်ရှိပြီ။ အုတ်ဖိုက ငါးနှစ်ကလေး တစ်ယောက်ပါတယ်။ ဒဏ်ရာရတဲ့ ညီအမနှစ်ယောက်မှာ တစ်ယောက်ကတော့ ခြေထောက်တွေ ထိထားတယ်။ မသီတာမြင့် အသက် ၂၈ နှစ်ဝန်းကျင် အမျိုးသမီး ဆုံးသွားတယ်ဗျ"

ကန့်ဘလူခရိုင်၊ လက်ခုပ်ကုန်းရွာအနီးက ဘောကျေးရွာအရှေ့ဘက်မှာ ရောက်နေတဲ့ စစ်ကောင်စီတပ်ဟာ လက်ခုပ်ကုန်းရွာဘက်ကို ဒီမနက် ၉ နာရီဝန်းကျင်လောက်က လက်နက်ကြီးနဲ့ သုံးလုံးပစ်ခတ်ခဲ့ရာကနေ လက်ခုပ်ကုန်းရွာက အုတ်ဖိုအနီး ကျရောက်ခဲ့ပြီး စက်သေနတ်တွေနဲ့လည်း စစ်ကောင်စီတပ်ဘက်က ပစ်ခတ်ခဲ့တယ်လို့လည်း ပြောပါတယ်။

လက်ရှိမှာတော့ သေဆုံးသူတွေရဲ့ အလောင်းကို ပြန်မကောက်ယူနိုင်သေးသလို ဒဏ်ရာ ရရှိသူတွေကိုလည်း မကယ်ထုတ်နိုင်သေးဘူးလို့ သူက ဆိုပါတယ်။

လက်ခုပ်ကုန်းရွာအနီးက ဘောကျေးရွာကိုလည်း မနေ့က စစ်ကောင်စီတပ် အင်အား ၇၀ ဝန်းကျင်နဲ့ ဝင်ရောက်ပြီး တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA အနေနဲ့ တခြားထိခိုက်၊ ဒဏ်ရာရရှိသူတွေကိုတော့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရ သေးပါဘူး။

လက်ခုပ်ကုန်းရွာအနီးမှာ မနေ့ကနဲ့ ဒီမနက်ပိုင်းအထိ မြေပြင်မှာတိုက်ပွဲဖြစ်တာ မရှိသလို စစ်ကောင်စီ တပ်ဘက်ကလည်း ဘာကြောင့်ပစ်ခတ်နေလဲဆိုတာကိုတော့ မသိရှိရသေး ပါဘူး။

လက်ခုပ်ကုန်းရွာဟာ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ရွာဖြစ်ပြီး လက်ရှိမှာ ဒေသခံရွာသားတွေ ဟာ ဘေးလွတ်ရာကို အသီးသီးရှောင်တိမ်းနေကြရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်က ကန့်ဘလူမြို့နယ်၊ ပေလည်ရွာကို စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနဲ့ အချက်သုံးဆယ်လောက်ပစ်ခတ်ခဲ့လို့ မိသားစုလေးယောက်ရှိနေတဲ့ အိမ်ပေါ်ကိုကျပြီး လေးယောက်စလုံး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။