ကျောက်ဆည်မှာ ဒေသခံနှစ်ဦး သတ်ဖြတ်ခံရ

မန္တလေးတိုင်း ကျောက်ဆည်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံ သူ အမျိုးသား နှစ်ဦးကို မေလ ၅ ရက် မနေ့က လက်နက်ကိုင်ဆောင်ထားတဲ့ လူခုနစ်ဦး ခန့်က နေအိမ်ကို လာရောက်ဖမ်းဆီးသွားပြီးနောက် ဒီနေ့မှာတော့ သေဆုံးနေတဲ့ သူတို့ရဲ့ အလောင်းတွေကို ဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။

သူတို့ရဲ့ ရုပ်အလောင်းတွေကို စဉ့်ကိုင်နဲ့ ပလိပ်သွားတဲ့ လမ်းဟောင်းမှာ တွေ့ရတာဖြစ်ပြီး သွေးသောက်အဖွဲ့ရဲ့ အမှတ်တံဆိပ်ကို လည်ပင်းမှာ ချိတ်ဆွဲထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထောက်ခံသူပေါ့။ ပါတီဝင်တွေတော့ မဟုတ်ဘူး။ သာမန်ပြည်သူပါပဲ။ နှစ်ယောက်လုံးက လက်ဖက်ရည်ဆိုင်ဖွင့်ထားတာ။ လူနေအိမ်နဲ့ ဆိုင်နဲ့က အတူတူပဲ။ လူ ခုနစ်ယောက်လောက်က အရပ်ဝတ်တွေနဲ့ သေနတ်တွေနဲ့ လာဖမ်းတာဆိုတော့ ဘယ်ကလဲဆိုတာလည်း မမေးရဲဘူး။ သတ်ခံရမှပဲ သိတော့တာ“

သတ်ဖြတ်ခံရသူတွေဟာ ရွှေကျောက်ဆည် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးတင်သိန်းနဲ့ ဂျိုးကြာနီ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးညိုထွန်းတို့ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးသွားချိန်မှာ မိသားစုဝင်အချို့က စဉ့်ကိုင် တိုးဂိတ်အထိ လိုက်လံကြည့်ရှုခဲ့ပေမယ့် နောက်ပိုင်းမှာ အဆက်အသွယ်ပြတ်တောက်သွားတယ်လို့ ဆိုပါတယ်။

သွေးသောက်အဖွဲ့ဟာ အနီရောင်စစ်ဆင်ရေးဆိုတဲ့ နာမည်နဲ့ ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံး ပတ်လောက်မှာ စတင်ပေါ်ပေါက်လာတဲ့အဖွဲ့ဖြစ်ပြီး PDF ထောက်ပံ့တဲ့သူတွေ၊ သတင်းတု ဖန်တီးသူတွေ၊ ဒလန်ခေါင်းစဉ်တပ်ပြီး သတ်ဖြတ်ဖို့ လှုံ့ဆော်သူတွေကို ရှင်းလင်းသွား မယ်လို့ ကြေညာထားပါတယ်။

ဒီအဖွဲ့ဟာ အာဏာသိမ်းစစ်ကောင်စီနဲ့ သွယ်ဝိုက်တဲ့နည်းနဲ့ ဆက်နွှယ်မှုရှိနေနိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒါပေမဲ့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ ပြည်သူ့စစ် အဖွဲ့ကလွဲပြီး အခြားဘယ်အဖွဲ့တွေမှ ဖွဲ့စည်းထားတာမရှိဘူးလို့ မကြာသေးခင်က ပြောဆို ထားပါတယ်။

မန္တလေးတိုင်းအတွင်းမှာ သွေးသောက်အဖွဲ့ရဲ့ လက်ချက်နဲ့ သေဆုံးရသူဟာ အခုအချိန် အထိ ၁၀ ဦးထက်မနည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။