ကနီ PDF တွေကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ပစ်လို့ နှစ်ဦးဒဏ်ရာရ

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ
ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (Photo: Kani PDF)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က အလယ်ကျွန်းကျေးရွာက ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီလေတပ်တိုက်လေယာဉ်တစ်စီးက မေလ ၁ဝ ရက်နေ့က လာရောက် တိုက်ခိုက်ခဲ့လို့ PDF နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေါင်းတို့မျိုးဆက်၊ ကနီ PDF ခေါင်းဆောင် ဦးထွန်းထွန်းဦးက RFA ကိုပြောပါတယ်။

“တောင်ကုန်းပတ်လည်က ဝိုင်းပြီး နေရာယူထားတဲ့အချိန်မှာ ဖိုက်တာဂျက်နဲ့လာပြီး စစ်ကောင်စီက လာပစ်သွားတာ။ ၄၅ မိနစ်ကြာပစ်သွားတာ။ PDF နှစ်ဦးထိတယ်။ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေ အထားတော့ မဟုတ်ဘူးပေါ့။ သူတို့ပစ်သွားတဲ့ လက်နက်အမျိုးအစားကတော့ စက်သေနတ်နှစ်လက်နဲ့ ပစ်သွားတယ်။ လက်နက်ကြီးတွေနဲ့လည်း ဗုံးသီးတွေနဲ့လည်း ပစ်သွားတာ တွေ့ရတယ်။ ရွာကို ပစ်တာ မဟုတ်ဘူး။ ရွာအနီးတစ်ဝိုက် ကျနော်တို့ PDF ရှိမယ့်နေရာ အကုန်ပစ်သွားတာ။ စစ်ကောင်စီအနေနဲ့ကလည်း သူတို့မှာ အားကိုးစရာလေကြောင်းလမ်းတစ်လမ်းပဲရှိတယ်။ ကျန်တဲ့လမ်းတော့ သိပ်မရှိဘူး။”

အဲဒီရွာကနေ ထွက်လာတဲ့ ပျူစောထီးလို့ယူဆရသူ လေးဦးကို မေလ ၉ ရက်နေ့မှာ PDF တွေကဖမ်းဆီး ခဲ့ပြီးနောက် စစ်ကောင်စီက အခုလိုလေယာဉ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

"တစ်ရွာလုံး ပျူစောထီးချည်းပဲ။ ကျနော်တို့ PDF တွေ ဝိုင်းပြီး စောင့်ကြည့်နေရတဲ့ ရွာပေါ့။ အဲ့ဒီရွာက ပျူစောထီး လေးယောက်ထွက်လာတယ်။ ထွက်လာတော့ PDF တွေက အေးအေးဆေးဆေး သူတို့ကို ဖမ်းထားတယ်။ စစ်ဆေးနေဆဲပဲရှိသေးတယ်။ NUG ကလည်း ပျူတောင်မှ သတ်ခွင့်မရှိဘူး၊ ဒလန်လည်း သတ်ခွင့်မရှိဘူး။ စစ်ဆေးပြီးမှ ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရမယ်ဆိုပြီး ပြောထားတယ်။ သူတို့ကို မှန်ကန်တဲ့ နည်းလမ်းနဲ့ စစ်ဆေးနေဆဲပဲ။"

ကနီမြို့နဲ့ အနီးကပ်တည်ရှိတဲ့ အဲဒီရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဝ ခန့်နဲ့ သူတို့သြဇာခံ ပျူစောထီးတပ်ဖွဲ့ဝင် ၁ဝဝ ခန့်ခြေကုပ်ယူထားပြီး စစ်ရေးအရ အရေးပါတဲ့ရွာဖြစ်တယ်လို့ ဆိုပါတယ်။

"တစ်ချိန်ကတော့ တစ်ရွာလုံး ကြံ့ခိုင်ရေး၊ အိမ်ခြေလည်း သိပ်မများပါဘူး။ အလွန်ဆုံး ၇ဝ ကျော် ၈ဝ ဝန်းကျင်လောက်ပေါ့။ ကနီမြို့နဲ့ မလှမ်းမကမ်းပေါ့။ အလွန်ဆုံး ဆိုင်ကယ်စီးရရင် ငါးမိနစ်ပဲ။ တစ်ချိန်ကတော့ အစိမ်းတွေများတယ်။ နောက်ပိုင်းကျတော့ စစ်ကောင်စီက ဗိုလ်ကြီးတစ်ယောက် အဲဒီက ဘုန်းကြီးကျောင်းမှာ သင်္ကန်းဝတ်နေတာ ရှိတယ်။ အဓိက လက်နက်တွေ အဲ့ဒီကထုတ်ပေးတာများပါတယ်။ အဲ့ဗိုလ်ကြီးကနေ သူတို့ ထုတ်ပေးတာရှိတယ်။ လက်နက်အစစ်ကတော့ အလယ်ကျွန်းတစ်ရွာလုံးကို ကိုင်နိုင်နေတယ်လို့ သတင်းထွက်ထားတယ်။ အနည်းဆုံးတော့ သူတို့ တစ်ရာကျော်ကတော့ရှိမှာပေါ့။"

တစ်ဆက်တည်းမှာပဲ သူတို့ ကနီမြို့နယ်အနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ရင်ဆိုင်နိုင်တဲ့အနေအထားမှာ ရောက်ရှိနေပြီလို့ ဦးထွန်းထွန်းဦးက ပြောပါတယ်။

“စိတ်ဓာတ်ခွန်အား အပြည့်ရှိပါတယ်။ ကျနော်တို့ PDF တွေ။ စစ်ကောင်စီ ယနေ့အချိန်ထိ PDF တွေကို လိုက်လံချေမှုန်းနေတယ်၊ စစ်ကိုင်းတိုင်းမှာ။ စစ်ကိုင်းတိုင်း တစ်တိုင်းလုံးမပြောနဲ့ ကနီနယ်တစ်နယ်တည်းတောင်မှ သူတို့ ချေမှုန်းဖို့ အတွက် မလွယ်ကူဘူး။ ကျနော်တို့ PDF တွေ အနေနဲ့လည်း လက်နက်ခဲယမ်း ပြည့်စုံသလောက်တော့ ပြည့်စုံနေပြီ။ ရှိသင့်သလောက်လည်း ရှိနေပြီ။ စုဆောင်းထားသင့်သလောက်ကလည်း စုဆောင်းထားပြီးပြီ။ စစ်ပွဲအတွက်ကတော့ ကနီနယ်က အဆင်သင့် ပြင်ထားပြီးပြီ။ လေကြောင်းကလာလည်း ပစ်မယ်၊ ကုန်းကြောင်းကလာလည်း ပစ်မယ်ပေါ့။ လာတဲ့အချိန်ကိုတိုက်မှာပဲ။ သူတို့လာတဲ့ အချိန်ကို တိုက်မယ်။ မလာရင် ကျန်တဲ့နေရာတွေ ဝိုင်းကူတိုက်မယ်။”

ဒါပေမဲ့ သူတို့မှာ ခေတ်မီလက်နက်တွေတော့ များများစားစား မရှိဘူးလို့ သူက ပြောပါတယ်။ NUG နဲ့ သူတို့ ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း မရှိသေးဘူးလို့လည်း ဆိုပါတယ်။

လက်ရှိ နိုင်ငံတစ်ခုလုံးရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အဓိကအခက်အခဲကတော့ လက်နက်ခဲယမ်း ပြည့်စုံမှုမရှိသေးတဲ့ ပြဿနာ ဖြစ်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က သူတို့အနေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကို အစွမ်းကုန်ကူညီနေပေမယ့် လိုအပ်ချက်တွေရှိနေသေးတယ်လို့ ပြောဆိုထားပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ တော်လှန်ရေးမှန်သမျှ အခက်အခဲများစွာကို ရင်ဆိုင်ရတာဖြစ်တယ်။ တော်လှန်ရေးမှာ ပါဝင်သူအားလုံး လက်တွဲပြီး အဲဒီအခက်အခဲတွေကို ကျော်လွှားကြရမှာပဲလို့ RFA ကိုပြောပါတယ်။

“စစ်ကောင်စီဘက်က လာပြီးတော့ လေကြောင်းထိုးစစ်လုပ်တဲ့ အခါမှာ ပြန်ဆုတ်ပေးရတဲ့ အနေအထား တစ်ခုပေါ့ဗျာ။ အဲဒီမှာသူတို့ခံစားချက်လေး ပြောတာကတော့ ခုခံရေးစစ်ပွဲ ဆင်နွှဲနေတာ တစ်နှစ်လောက် ရှိပြီ။ ဒီနေ့အထိလည်း တူမီးသာသာထက် ပိုပြီးတော့ တိုးတက်ပြီး လက်နက်တပ်ဆင် နိုင်ခြင်းမရှိဘူး။ တကယ်တမ်းကျရင် လက်နက်အင်အားရှိရင် အပိုင်သိမ်းနိုင်တဲ့အနေအထားမျိုးမှာ မလုပ်နိုင်တဲ့အကြောင်း အဲ့လိုပြောဆိုမှုတွေကြားရတော့ စိတ်မကောင်းစရာပါပဲ။ ဒါပေမဲ့ NUG အနေနဲ့က တစ်ပြည်လုံး အတိုင်းအတာနဲ့ချီပြီးတော့ လက်နက်တပ်ဆင်နိုင်အောင် ကြိးစားနေရတဲ့အနေအထားတစ်ခုရယ် နောက်ပြီးတော့ ကနီလို နေရာမျိုးမှာက လမ်းပန်းဆက်သွယ်ရေးရယ်၊ လက်နက်ပို့ပေးရေးကိစ္စတွေက တော်တော်လေးတော့ NUG အနေနဲ့ အခက်အခဲရှိနိုင်ပါတယ်။ အဲ့ဒါကြောင့် လက်ရှိအခြေအနေမှာ NUG ရဲ့ အခြေအနေအကျပ်အတည်းကို နားလည်မှုပေးပြီးတော့ တော်လှန်ရေးကို ဆက်လက်ပြီးတော့ ဖြစ်နိုင်တဲ့နည်းနဲ့ တိုက်ခိုက်သွားဖို့ တိုက်တွန်းပြောကြားချင်တာပါ။”

အခုလို အလယ်ကျွန်းကျေးရွာကို ဝိုင်းထားတဲ့ PDF တွေကို တိုက်လေယာဉ်နဲ့ လာရောက်တိုက်ခိုက်ခဲ့ တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။