တန့်ဆည်မြို့နယ်က ဒေသခံနှစ်ဦး သေဆုံး

အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ တန့်ဆည် - ရေဦး လမ်းပိုင်း စိမ်းစားကျေးရွာမှာ ဒီနေ့မနက်က ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ သက်ကြီးရွယ်အိုတစ်ဦး သေဆုံးသွားတယ်လို့ တန့်ဆည်မြို့ က အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းက ရေဦး - တန့်ဆည်ဒေသခံ ကာကွယ်ရေးတပ်တွေဟာ စိမ်းစားကျေးရွာမှာ ပျူစောထီးအဖွဲ့ဝင်တွေကို ဝင်ရောက်ရှင်းလင်းရာမှာ စစ်တပ်က ရွာကိုလက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် သူတို့နှစ်ဦး သေဆုံးသွားတာလို့ ပြောပါတယ်။

“၁၅ နှစ်အရွယ်ကောင်မလေးကတော့ ရင်အုံမှာတစ်ချက် ပေါင်မှာတစ်ချက်ပေါ့ ကျည်ကတော့လေ အဖွားကတော့ မသိဘူး အဲဒီကနေပြီး ဖြစ်ပြီးတော့ စစ်ကြောင်းကခွဲထွက်ပြီးတော့ စိမ်းစားရွာနဲ့ ချောင်းရိုးရွာရဲ့ အနောက်ဘက်လို့ ပြောရမှာပေါ့ မီးရှို့နေပြီလို့လည်း သိရတယ်ဗျ ”

စစ်ကောင်စီဘက်က ၆ ယောက် သေပြီး တစ်ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ညနေပိုင်းအထိ စစ်တပ်က ချောင်းရိုး၊ စိမ်းစားကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေပြီး နေအိမ် ၁ဝ လုံးလောက် မီးရှို့ခံလိုက်ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့အတွက် ရေဦး - တန့်ဆည် - ကလေးဝ လမ်းကို ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ တပ်ရင်းတွေကို မသိပေမယ့် အများအားဖြင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နဲ့ တပ်မ ၇၇ တပ်ရင်းတွေနဲ့ တိုက်ပွဲဖြစ်တာ များတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

နေအိမ် မီးရှို့မှုတွေ၊ တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမယ့် ပြည်ပဖုန်းအဝင်တွေကို ပိတ်ထားတဲ့အတွက် ဆက်သွယ်လို့ မရခဲ့ပါဘူး။