ပုဂံ အလိုတော်ပြည့်ဘုရားမှာ ရဲနှစ်ဦး ပစ်သတ်ခံရပြီးနောက် လုံခြုံရေးတင်းကျပ်

RFA Burmese
2025.02.18
ပုဂံ အလိုတော်ပြည့်ဘုရားမှာ ရဲနှစ်ဦး ပစ်သတ်ခံရပြီးနောက် လုံခြုံရေးတင်းကျပ် မန္တလေးတိုင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေမှ အလိုတော်ပြည့်ဘုရားအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မန္တလေးတိုင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက ခရီးသွားအများအပြား လာရောက်ဖူးမျှော်လေ့ရှိတဲ့ အလိုတော်ပြည့်ဘုရားမှာ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုဂံဒေသက အထင်ကရဘုရားတွေဖြစ်တဲ့ အလိုတော်ပြည့်၊ ထီးလိုမင်းလိုနဲ့ အာနန္ဒာဘုရားတွေမှာ အာဏာပိုင်တွေက အစောင့်ကင်းစခန်းတွေ ချထားတာဖြစ်ပြီး အခု ရဲတပ်ဖွဲ့ဝင်နှစ်ဦးဟာ အလိုတော်ပြည့်ဘုရားမှာ လုံခြုံရေးတာဝန်ကျနေချိန် ပစ်ခတ်ခံလိုက်ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မနက် ကိုးနာရီလောက်က ပစ်ခတ်သံတွေ ကြားရတယ်။ အလိုတော်ပြည့်ဘုရားက ရဲနှစ်ယောက် သေတယ်လို့ သိရတယ်။ အခု အဲဘက်တွေမှာ စစ်သားနဲ့ ရဲတွေ ခြေရှုပ်နေတယ်"

အခုပစ်ခတ်မှု အခြေအနေကို သက်ဆိုင်ရာအဖွဲ့က မကြာခင် သတင်းထုတ်ပြန်မယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီအခြေအနတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်ပေခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း ပုဂံ-ညောင်ဦးဒေသ ကျောက်ပြင်ကန်ရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းက ပစ်ခတ်ခဲ့တာကြောင့် လူတစ်ထောင်ခန့် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုဂံ၊ ညောင်ဦးဒေသမှာ ၂၀၂၅ ခုနှစ်အတွင်း စစ်ရေးဖော်ဆောင်မယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပုဂံပြည်ဘီလူးတပ်) က ဇန်နဝါရီလ ၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။