ရခိုင်ပြည်နယ် သံတွဲမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ စွဲချက်တင်ခံထားရတဲ့ ကိုစိန်ချစ်နဲ့ ကိုရဲနိုင်ဦးတို့ကို သံတွဲခရိုင်တရားရုံးမှာ ဒီနေ့ နှစ်ဖက်ရှေ့နေတွေ အပြီးသတ်လျှောက်လဲချက် ပေးခဲ့ကြတယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က RFA ကို ပြောပါတယ်။
သူတို့နှစ်ဦးဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့က စွဲချက်တင် ခံထားရတာပါ။
နှစ်ဖက်ရှေ့နေတွေ အပြီးသတ် လျှောက်လဲချက်ပေးလို့အပြီး လာမယ့် မေလ ၂၀ ရက်နေ့မှာ အပြီးသတ် အမိန့်ချဖို့ တရားရုံးကနေ ဆုံးဖြတ်လိုက်တယ်လို့လည်း တရားလွှတ်တော် ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောပါတယ်။
“ဒီနေ့တော့ နှစ်ဖက်ရှေ့နေတွေ လျှောက်လဲချက်ပေးတာပေါ့။ မြို့နယ်ဥပဒေ အရာရှိဘက်ကတော့ စွဲဆိုထားတဲ့အတိုင်း အပြစ်ပေးဖို့ လျှောက်လဲပြီးတော့ ကျမတို့ ဘက်ကတော့ သူတို့နှစ်ယောက်လုံးက စွဲဆိုထားတဲ့အမှုကို ကျူးလွန်ခြင်းမရှိဘူး။ တရားလိုတွေဘက်က တင်ထားတဲ့သက်သေတွေကလည်း တရားခံတွေအပေါ်မှာ ပြစ်ဒဏ်ပေးနိုင်လောက်တဲ့ သက်သေအထောက်အထားတွေ မဟုတ်တဲ့အတွက် ကျူးလွန်ခြင်းမရှိဘူးဆိုပြီး အပြီးသတ် လျှောက်လဲချက်ပေးခဲ့ပါတယ်”
ကိုစိန်ချစ်နဲ့ ကိုရဲနိုင်ဦးတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလကတည်းက ဖမ်းဆီးခံထားရတာ ဖြစ်ပြီး ငပလီ အမှတ် (၅၅) တပ်ရင်းက ဗိုလ်ကြီး နေဇော်ထက်က တရားလိုပြုလုပ်ပြီး တရားစွဲ ခံထားရတာပါ။
ရခိုင်ပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး အမျိုးသမီး လေးဦးနဲ့ အမျိုးသား တစ်ဦးဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံထားရပါတယ်။