ခင်ဦးမြို့နယ်က ရွာနှစ်ရွာမှာ အိမ် ၁၄၀ နီးပါး မီးရှို့ခံရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကုလားလူးရွာနဲ့ ရှားလွင်ရွာတွေကို မတ်လ ၁၆ ရက် မနေ့က စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ရွာနှစ်ရွာက အိမ် ၁၃၈ လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ မတ်လ ၁၆ ရက် မနေ့ နေ့လယ်ပိုင်းက ကုလားလူးရွာကို ကနဦးဝင်ရောက်ပြီးနောက် ရှားလွင်ရွာကိုပါ ဆက်လက်ဝင်ရောက်လာခဲ့ကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှားလွင်ရွာသားတစ်ဦးက ပြောပါတယ်။

“သူတို့ နှစ်နာရီခွဲလောက်မှာ အနောက်ရွာဖြစ်တဲ့ ကုလားလူးမှာစဝင်တယ်။ သုံးနာရီကျော်ကျော်လောက်မှာ ကျနော်တို့ရွာကို လက်နက်ကြီးတွေနဲ့ထုပြီး အိမ်တွေကို မီးစရှို့တာပဲ။ စိတ်ပိုင်းဆိုင်ရာတော့ တော်တော် ခံစားရတယ်။ သူတို့ အိမ်တစ်လုံးရဲ့ တန်ဖိုးကို နားမလည်ကြဘူး။ အိမ်တစ်လုံးဖြစ်ဖို့ တောင်သူ လယ်လုပ် တစ်ယောက်က ဘယ်လောက်ထိ ကြိုးစားရတယ်ဆိုတာ နားမလည်ကြဘူး။ အကုန်လုံးဝမ်းနည်းပက်လက်ပဲ။ မိန်းမသားမပြောနဲ့ ကျနော်တို့ယောကျ်ားလေးတောင် စိတ်ကို မနည်းထိန်းနေရတယ်”

ကုလားလူးရွာနဲ့ ရှားလွင်ရွာဟာ ၄ မိုင်ခန့်ကွာဝေးပြီး စစ်ကောင်စီတပ်သားတွေဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးမှ ရွာကို စီးနင်းဝင်ရောက်ခဲ့ကြတာလို့ သူက ပြောပါတယ်။

မနေ့က ဖြစ်စဉ်မှာ ကုလားလူးရွာက နေအိမ် ၇၅ လုံးနဲ့ ရှားလွင်ရွာက နေအိမ် ၆၃ လုံး မီးလောင်ခဲ့တာဖြစ်ပြီး မီးငြှိမ်းသတ်ဖို့ လာကြတဲ့ ရွာသားတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် မီးငြှိမ်းသတ်ခွင့် မရခဲ့ကြဘူးလို့လည်း သူက ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်ကိုင်းတိုင်းအတွင်း အရပ်သားတွေရဲ့ အိမ်တွေကို မီးရှို့တာဟာ သူတို့လက်ချက်မဟုတ်ဘဲ PDF အဖွဲ့တွေရဲ့ လက်ချက်ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲမှာ အခု မတ်လအတွင်း စစ်ကောင်စီတပ်က ရွာတွေကို ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့တာကြောင့် ဒါန်းကုန်းရွာ ၄၃ လုံး၊ မှန်တောရွာ ၃၈ လုံး၊ ကျွန်းလည်ရွာ ၂ လုံး၊ သက်ပေးရွာက ၁၃ လုံး၊ တမုတ်ရွာ ၉၃ လုံး၊ ကုလားလူးရွာ ၇၅ လုံးနဲ့ ရှားလွင်ရွာ ၆၃ လုံး၊ စုစုပေါင်း နှစ်ပတ်အတွင်း နေအိမ် ၃၂၇ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို မီးရှို့ခံရတာကြောင့် ဒေသခံ ၂၅၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ရေးနဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို သုတေသန ပြုလုပ်နေတဲ့ Data For Myanmar အဖွဲ့က မနေ့က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အခုနှစ် မတ်လ ၁၅ ရက်နေ့အထိ မီးရှို့ဖျက်ဆီးခံရတဲ့ လူနေအိမ်ပေါင်း ၇,၂၄၈ လုံးခန့် ရှိနေပါတယ်။

အဲဒီအထဲမှာ စစ်ကိုင်းတိုင်းဟာ မီးရှို့ခံရတဲ့ အိမ်ပေါင်း ၄၄၂၆ လုံးနဲ့ အရေအတွက်အများဆုံးဖြစ်ပါတယ်။