စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ရွှေကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ မနေ့ ဇွန်လ ၄ ရက်နေ့က ရွှေဘိုအကျဉ်းထောင် တရားရုံး ကနေ ထောင်ဒဏ် သုံးနှစ် အမိန့်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက RFA ကို ဒီနေ့ ပြောပါတယ်။
ဦးခင်မောင်ရွှေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ ကျရောက်တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ၂ ငါးလုံး လူထုလှုပ်ရှားမှုမှာ လူထုတွေကို ပါဝင်လာအောင် စည်းရုံးလှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခံထားရတာ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့မတ်လ ၅ ရက်နေ့က အလုပ်ကိစ္စအတွက် နေအိမ်ကနေ အပြင်ကိုသွားရင်း စစ်ကောင်စီ တပ်သားတွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာလို့လည်း သူ့ရဲ့မိသားစုက ပြောပါတယ်။
ဖမ်းဆီးခံရချိန်ကနေ အခုချိန်အထိ မိသားစုက တွေ့ခွင့်မရတာကြောင့် မနေ့က မနက် ၁ နာရီကနေ ညနေ ၅ နာရီအထိ ဦးခင်မောင်ရွှေကို တွေ့ခွင့်ရဖို့ ရွှေဘိုအကျဉ်းထောင်ရှေ့မှာ မိသားစုဝင်တွေက စောင့်နေခဲ့ကြပေမယ့် တွေ့ခွင့်မရခဲ့ကြဘူးလို့ ပြောပါတယ်။
ရွှေဘိုမြို့ဟာ NLD အစိုးရလက်ထက် ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးမိုးကျော်သူတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ မြို့လည်း ဖြစ်ပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်းမှာ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ဦးမိုးကျော်သူ၊ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေ အဖမ်းခံထားရပါတယ်။