UEC ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်ကို ပြန်လွှတ်တာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ ဆက်စပ်နိုင်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် ရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဦးလှသိန်းနဲ့ အဖွဲ့ဝင်ဦးမြင့်နိုင်တို့ကို ပြစ်ဒဏ် လျှော့ပေးလိုက်တာလို့ နိုဝင်ဘာလ ၉ ရက် ဒီကနေ့မှာ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဦးလှသိန်းနဲ့ ဦးမြင့်နိုင်တို့ကို စစ်ကောင်စီက ရွေးကောက်ပွဲဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က) နဲ့ စွပ်စွဲပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးကနေ ထောင်သုံးနှစ်စီ ချမှတ်ခဲ့တာပါ။

ဒါပေမဲ့ သူတို့နှစ်ဦးစလုံး ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့မှာတော့ ရမည်းသင်း အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့တာပါ။

အခုလို လွှတ်ပေးတာဟာ လာမယ့် ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီက ဦးဆောင်ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲနဲ့ ဆက်စပ်မှုရှိလိမ့်မယ်လို့ ရန်ကုန်တိုင်း ဒလမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးက သုံးသပ်ပါတယ်။

"ဒီပုံစံတွေက အခုမှမဟုတ်ဘူး။ ပြီးခဲ့တဲ့ နှစ် ၃၀ တုန်းကလည်း အခုလိုလုပ်ခဲ့တာပဲ။ ဒီမိုကရေစီ အင်အားစုတွေကို အပြစ်မရှိပဲ ထောင်ချတယ်။ ပြီးတော့ ပြန်လွှတ်ပေးတယ်။ ဒါကျေးဇူးတင်စရာ မရှိဘူး။ ပြီးတော့ ဦးလှသိန်းနဲ့ ဦးမြင့်နိုင်တို့ကို လွှတ်တာက လာမယ့်ရွေးကောက်ပွဲမှာ သက်ဆိုင်လိမ့်မယ်လို့ ယူဆရပါတယ်"

NLD ပါတီဝင်တွေ အပါအဝင်၊ ဒီမိုကရေစီအင်အားစုတွေ၊ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေ အများအပြား ဖမ်းဆီးခံထားရတဲ့ကြားက ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးတာဟာ နိုင်ငံရေးလှည့်ကွက် တစ်ခုသာဖြစ်တယ်လို့လည်း ဦးဘိုဘိုဦးက ဆိုပါတယ်။

စစ်တပ်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုကို ပြန်လည်ဖြေရှင်းပေးဖို့တောင်းဆိုခဲ့ရာမှာ ကော်မရှင် ဥက္ကဋ္ဌဦးလှသိန်းနဲ့အဖွဲ့ဝင်ဦးမြင့်နိုင်က သမ္မတဦးဝင်းမြင့်ထံတင်ပြခဲ့ပေမယ့် သမ္မတဦးဝင်းမြင့်က မဲစာရင်းတွေကို ပြန်စစ်ဆေးဖို့ ငြင်းဆိုခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်နှစ်ဦးဟာ အပြစ်တွေဝန်ခံပြီး ဖြေလျော့ပေးဖို့တောင်းဆိုတာကြောင့် လူမှုရေးအရငဲ့ညှာပြီး ပြစ်ဒဏ်အသီးသီးကို ဖြေလျော့ကင်းလွတ်ခွင့်ပေးခဲ့တာလို့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက နိုဝင်ဘာလ ၉ ရက်နေ့မှာ ကြေညာပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာလ ၈ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ စာရင်းအရ စစ်အာဏာသိမ်း (၂၁) လအတွင်း တစ်နိုင်ငံလုံးမှာ သေဆုံးခဲ့ရတဲ့ပြည်သူ ၂,၄၂၄ ဦးရှိပြီး ၁၂,၉၀၅ ဦး ဖမ်းဆီးခံထားရသလို အဲဒီအထဲက ၁,၆၃၃ ဦးကတော့ ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။