မြန်မာသံအမတ်ကို နေအိမ်ကထွက်ခွာဖို့ ဗြိတိန်အစိုးရညွှန်ကြား

စစ်အာဏာသိမ်းမှုကို ရှုတ်ချခဲ့တဲ့ ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းကို သူလက်ရှိနေနေတဲ့ သံအမတ်အိမ်ကနေ ထွက်ခွာပေးဖို့ ဗြိတိန်အစိုးရဘက်က ညွှန်ကြားထားတယ်လို့ မတ်လ ၁၀ ရက် ဒီကနေ့ထုတ် ရိုက်တာသတင်းမှာ ဖော်ပြလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ဖိအားပေးလာတာကြောင့် ဗြိတိန်အစိုးရဘက်ကနေ အခုလို ညွှန်ကြားရတာဖြစ်တယ်လို့ သတင်းမှာ ရေးသားထားပါတယ်။

"သံအမတ်အိမ်မှာ ဆက်နေနေတဲ့ ကိစ္စကို ဖြေရှင်းပေးဖို့ ကျနော်တို့ စစ်ကောင်စီဘက်က ဖိအားတွေခံနေရတယ်" လို့ ဗြိတိန်အဆင်မြင့် အရာရှိတစ်ဦးက ဦးကျော်စွာမင်းဆီ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေမှာ စာရေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ဦးကျော်စွာမင်းဟာ စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး နိုင်ငံခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့သူဖြစ်ပါတယ်။

ဒီလိုတောင်းဆိုခဲ့တာကြောင့် စစ်ကောင်စီက သူ့ကိုရာထူးကနေ ထုတ်ပယ်ခဲ့သလို ပြီးခဲ့တဲ့နှစ် ဧပြီလကစပြီး ဗြိတိန်မှာရှိတဲ့ မြန်မာသံရုံးကိုလည်း သူ့ကို အဝင်အထွက် ပိတ်လိုက်တာပါ။

UK.JPG
FILE PHOTO: A demonstration outside the Myanmar Embassy in London ၂၀၂၁ ခုနှစ် ဧပြီလ ၈ ရက်နေ့က လန်ဒန်မြို့ မြန်မာသံရုံးရှေ့မှာ လက်သုံးချောင်းထောင် ဆန္ဒပြနေသူနှစ်ဦး။ (TOBY MELVILLE/REUTERS)

သံရုံးကို ဝင်ထွက်ခွင့်မရပေမယ့် သူဟာ သံအမတ်အိမ်ကနေ လုံးဝထွက်မပေးဘဲ အခုအချိန်ထိ ဆက်နေနေတာဖြစ်ပါတယ်။

အဲ့အိမ်ကနေ ထွက်သွားဖို့ ညွှန်ကြားစာနဲ့ ပတ်သက်လို့ ရိုက်တာက ဗြိတိန် နိုင်ငံခြားရေးရုံးကို မေးမြန်းတဲ့အခါမှာတော့ တိုက်ရိုက် ရှင်းရှင်းလင်းလင်း ဖြေဆိုတာ မရှိဘူးလို့ ပြောပါတယ်။

နိုင်ငံခြားရုံးပြောခွင့်ရက ဦးကျော်စွာမင်းဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးအတွက် သတ္တိရှိရှိ ရပ်တည်ခဲ့သူဖြစ်ကြောင်း၊ သူ့မိသားစု ဗြိတိန်မှာ ဆက်လက်ဘဝရပ်တည်ရေးကို ထောက်ခံအားပေးလျှက်ရှိကြောင်းသာ ပြောဆိုခဲ့ပါတယ်။

သံအမတ်ကြီး ဦးကျော်စွာမင်းကလည်း ညွှန်ကြားစာနဲ့ ပတ်သက်လို့ ဖြေဆိုတာ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်မချင်း ဒါမှမဟုတ် ဗြိတိန်က တရားဝင် အသိအမှတ်ပြုတဲ့ အစိုးရ ပြန်မဖွဲ့နိုင်သေးသရွေ့ သူ့အနေနဲ့ ဒီသံအမတ်အိမ်ရာကနေ ဖယ်ပေးမှာမဟုတ်ဘူးလို့ ရိုက်တာကိုပြောပါတယ်။

ဒီညွှန်ကြားချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်မရသေးဘူးလို့လည်း ဆိုပါတယ်။