နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ သမ္မတညွှန်ကြား

0:00 / 0:00

0:00 / 0:00

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေကြတဲ့ ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ NGO/ INGO အဖွဲ့တွေရဲ့လုပ်ငန်းတွေမှာ အစိုးရအနေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြဖို့ နိုင်ငံတော် သမ္မတက ဒီကနေ့ ညွန်ကြားလိုက်တယ်လို့ သိရပါတယ်။

အထူးသဖြင့် ရခိုင်ပြည်နယ်ထဲမှာ UN အပါအဝင် NGO/INGO အဖွဲ့တွေနဲ့ ဒေသခံတွေအကြား နောက် ထပ် ပြသနာမဖြစ်ပွားရအောင် အလေးထားဆောင်ရွက် သွားမှာဖြစ်ပြီး နိုင်ငံတကာအဖွဲ့ အစည်းတွေရဲ့ လုံခြုံရေးတွေကိုလည်း အပြည့်အ၀ တာဝန်ယူသွားဖို့ ညွှန်ကြားချက်ထုတ်ပြန်လိုက်တာဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးလည်းဖြစ် ရခိုင်ပြည်နယ် စစ်တွေမြို့ စုံစမ်းရေးကော်မရှင်ရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဗိုလ်ချူပ်မောင်မောင်အုန်းက RFA ကိုပြောပါတယ်၊

"ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများရဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများပေါ့ UN နဲ့ INGO အဖွဲ့အစည်းများနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့နိုင်ငံက ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမယ်၊ အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးကိုလည်း အပြည့်အဝ ကာကွယ်စောင့်ရှောက်ပေးသွားမယ်၊ အနာဂတ်မှာလည်း ဒီလိုဖြစ်စဉ်တွေ မဖြစ်အောင်ပေါ့နော် ကျနော်တို့ ဆောင်ရွက်သွားရမယ်၊ ဒီပြဿနာတွေမဖြစ်အောင် ယနေ့ သမ္မတကြီးက ECC လို့ခေါ်တဲ့ emergency coordination center ဒါကိုလည်း junior level ဖွဲ့ပြီးတော့မှ ဒီကိစ္စတွေကို နောင်လုံးဝ လုံးဝ ကွင်းစကွင်းပိတ်မဖြစ်အောင်လို့ကို ဒီအဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ အဲလိုလေး လမ်းညွှန်ပါတယ်"

နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး သမ္မတရဲ့ညွန်ကြားချက်နဲ့ ပတ်သက်လို့ ဗိုလ်ချုပ် မောင်မောင်အုန်း အပါအဝင် ကော်မရှင်အဖွဲ့ဝင်တချို့နဲ့ မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr.Russel နဲ့ရော၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell နဲ့ပါ ဒီကနေ့ညနေပိုင်းက တွေ့ ဆုံဆွေးနွေးပြီး ရှင်းလင်းခဲ့ပါတယ်၊

မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက နိုင်ငံခြားသားဝန်ထမ်းတွေရဲ့ လုံခြုံရေး၊ ရုံးနဲ့နေအိမ်များလုံခြုံရေးအပြင် တာဝန်ထမ်းဆောင်တဲ့ လုပ်ငန်းခွင်လုံခြုံရေးတွေအတွက် ထိရောက်စွာ အကာအကွယ်ပေး ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

ဗိုလ်ချူပ်မောင်မောင်အုန်းကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါ တယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ်တွင်းက ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ လုံခြုံ စိတ်ချစွာ လုပ်ငန်းတွေ လုပ်ဆောင်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရတို့ ညှိနှိုင်းဆောင်ရွက်သွား မှာဖြစ်ပြီး ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ သမ္မတရုံးက ထုတ်ပြန်လိုက်ပါတယ်။

ဒီအစီအစဉ်တွေနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။