ဗီယက်နမ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဒန်း ဟိုဝမ် ဂျန်း (Dang Hoang Giang) ဟာ ကုလသမဂ္ဂအတွင်းမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ဂျူလီဘစ်ရှော့နဲ့ ဇွန်လ ၅ ရက်နေ့က နယူးယောက်မြို့မှာ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့တယ်လို့ VNA သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
မြန်မာပြည်မှာ ယုံကြည်မှုတည်ဆောက်ဖို့၊ အပစ်အခတ်ရပ်ပြီး ဆွေးနွေးပွဲတွေပေါ်လာအောင် အားပေးဖို့၊ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်အောင် ကြားဝင်ဆောင်ရွက်ပေးဖို့ကို ဗီယက်နမ် သံအမတ်ကြီးက အထူးပြုဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အာဆီယံဘုံ သဘောတူညီ ချက် ၅ ရပ်က အခြေခံကျကျ ဆက်ပြီးအရေးကြီးနေသေးတဲ့အကြောင်း ဗီယက်နမ်သံအမတ်ကြီးက ဆွေးနွေးလိုက်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မြန်မာပြည်ရဲ့ အချုပ်အချာအာဏာပိုင်မှုနဲ့ လွတ်လပ်ရေးကို လေးစားဖို့၊ မြန်မာပြည်သူတွေရဲ့ စိတ်ဆန္ဒနဲ့ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ဖို့၊ ပြည်တွင်းကိစ္စဝင်မစွက်ဖက်ဖို့ဆိုတဲ့ မူဝါဒအတိုင်း ရပ်တည်နေတဲ့ အာဆီယံအသင်းနဲ့ရော၊ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ပါ ကုလသမဂ္ဂရော မစ္စ ဘစ်ရှော့ပါ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
မစ္စ ဘစ်ရှော့ကလည်း သူ့အနေနဲ့ မြန်မာပြည်တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်မယ့်အကြောင်းနဲ့၊ အာဆီယံရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ကုလသမဂ္ဂက ထောက်ခံနေတဲ့အကြောင်း ပြောပါတယ်။ အဲဒီအပြင် ဗီယက်နမ်အနေနဲ့ မြန်မာ့အရေးမှာ အပြုသဘောနဲ့ ချဉ်းကပ်ဆောင်ရွက်နေတဲ့ လုပ်ရပ်အပြင် ကုလသမဂ္ဂနဲ့ အာဆီယံမှာ ဗီယက်နမ်ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြု ကျေးဇူးတင်တယ်လို့ ပြောဆိုလိုက်ပါတယ်။