မြန်မာစစ်တပ်အပေါ် ပြတ်ပြတ်သားသား အရေးယူမှုတွေ ချက်ချင်းချမှတ်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က မတ်လ ၁၅ ရက် ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်စုတွေ အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုလို့ ခေါ်ဆိုနိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် တိုးလုပ်လာနေတာကြောင့် ဒါတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ရပ်တန့်သွားအောင် လုပ်ဖို့လိုတယ်လို့ သူက ဆိုပါတယ်။
၄၉ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာလည်း ... မြန်မာစစ်တပ်ဟာ ဦးခေါင်းကို တည့်တည့်ပစ်ခတ်သတ်ဖြတ်တာ၊ မီးရှို့သတ်ဖြတ်တာ၊ မတရား ညှဉ်းပန်းနှိပ်စက်ဖမ်းဆီးတာ၊ လူသားဒိုင်းအဖြစ်အသုံးချတာ၊ လက်နက်ကြီး လက်နက်ငယ်တွေ သုံးပြီး အရပ်သားတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေဟာ လူ့အသက်တွေကိုလျစ်လျူရှုပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
မြန်မာ့ အကျပ်အတည်းကို ဖြေရှင်းဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ရတဲ့နည်းနဲ့ လုပ်ဖို့လိုသလို လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်နေတဲ့သူတွေကိုလည်း ဥပဒေတွေနဲ့အညီ အရေးယူဖို့ကိုလည်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တောင်းဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် တစ်နှစ်ပတ်လုံးမှာ အကြမ်းဖက်နှိပ်စက်ခံခဲ့ရပေမယ့် မြန်မာပြည်သူတွေဟာ လက်မလျှော့ဘဲ သူတို့မျှော်မှန်းတဲ့ ဒီမိုကရေစီပန်းတိုင်ရောက်ရေးကို ဆက်လက်စွဲကိုင် ကြိုးစားနေကြဆဲဖြစ်တယ်လို့လည်း ချီးကျူးထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြောင့် အနည်းဆုံး လူပေါင်း ၁၆၀၀ လောက်သေဆုံးခဲ့ရပြီး လူပေါင်း ၁၂၅၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေကြောင့် အနည်းဆုံး လူပေါင်း ၄၄၀၀၀၀ လောက် နေရပ်စွန့်ခွာ ထွက်ပြေးကြရပြီး၊ လူပေါင်း ၁၄ သန်းလောက်ဟာလည်း လူသားချင်းစာနာမှု အကူအညီတွေ လိုနေပေမယ့် စစ်ကောင်စီက အကူအညီအထောက်အပံ့မပေးနိုင်အောင် လမ်းကြောင်းပိတ်ဆို့တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ရာဇဝတ်မှု၊ ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုလို့ ပြောလို့ရလောက်တဲ့အထိ စစ်တပ်ဟာ လူ့အခွင့်အရေး ကျူးလွန်မှုတွေရှိခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ကောက်ချက်ချထားပါတယ်။
စစ်ကိုင်းတိုင်းနဲ့ ကယားပြည်နယ်ထဲမှာ မီးရှို့သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေကိုလည်း အထောက်အထားအဖြစ် ပြောဆိုထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဒုက္ခသည်တွေ၊ မျက်မြင်သက်သေတွေ၊ တက်ကြွလှုပ်ရှားတွေ အယောက် ၁၁၅ ယောက်ကျော်ကို မေးမြန်းချက်တွေ၊ ဂြိုလ်တုဓာတ်ပုံတွေ၊ သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေ၊ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အစီရင်ခံစာ ထုတ်ပြန်တာလို့ ပြောဆိုထားပါတယ်။