မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ Vijay Nambiar ဗီဂျေး - နမ်းဘီးယား ဟာ ကေအိုင်အို ဌာနချုပ်လိုင်ဇာမြို့ကို မနေ့ကရောက်ရှိပြီး၊ ကေအိုင်အိုဥက္ကဋ္ဌ ဦးဇောင်းဟရား အပါအဝင် ဗဟိုကော်မတီဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
မစ္စတာ Nambiar နမ်ဘီးယားနဲ့အတူ လိုက်ပါသွားတဲ့ မြစ်ကြီးနားအခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့(PCG ) က ဦးဆန်းအောင်က RFA ကို အခုလိုပြောပါတယ်။
"ကေအိုင်အိုက ဒုဥက္ကဌက လွဲပြီးတော့ ဥက္ကဌကော၊အတွင်းရေးမှုးကော၊ဗဟိုကော်မတီဝင်တွေကော၊အရန်ဗဟိုကော်မတီဝင်ကော ၃၀ လောက်ရှိတယ်။ဘာတွေ ဆွေးနွေးတယ်ဆိုတာ အသေးစိတ်မသိဘူး။ငြိမ်းချမ်းရေးအတွက် ပိုပြီးတွန်းအားပေးတဲ့ အနေအထားဖြစ်မယ်လို့ ထင်ပါတယ်"
ဒါ့အပြင် သူဟာ လိုင်ဇာမြို့ အနီးတဝိုက်က စစ်ဘေး ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်လေ့လာခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြစ်ကြီးနားမြို့ကိုရောက်ရှိခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ Tomas Quintana ကလည်း သူ့အနေနဲ့ လိုင်ဇာဖက်က ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာလိုကြောင်း အစိုးရထံ ခွင့်တောင်းရာမှာ ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရတွေက ခွင့်မပြုခဲ့ဘူးလို့ မစ္စတာ Quintana က ရန်ကုန်က ပြန် မထွက်ခွာခင် သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောခဲ့ပါတယ်။