လူ့အခွင့်အရေးချိုးဖောက်သူတွေကို ရာထူးအာဏာကနေ ဖယ်ရှားပေးဖို့ ကုလတတိယကော်မတီ တောင်းဆို

0:00 / 0:00

မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေကို ရာထူးအာဏာတွေကနေ ဖယ်ရှားအရေးယူဖို့ ကုလသဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ အစည်းဝေးက မနေ့က တောင်းဆိုလိုက်ပါတယ်။

တတိယကော်မတီမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်အရေး ဆွေးနွေးဖို့ ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ EU နဲ့ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC တို့က ပူးတွဲတင်ပြခဲ့တာဖြစ်ပြီး အစည်းအဝေး ဆုံးဖြတ်ချက် ချမှတ်ရာမှာ ၁၄၂ နိုင်ငံက ထောက်ခံခဲ့ပြီး မြန်မာ၊ တရုတ်၊ ရုရှာနဲ့ တခြား ၇ နိုင်ငံက ကန့်ကွက်ခဲ့ကြောင်း၊ ဂျပန် အပါအဝင် ၂၆ နိုင်ငံက ကြားနေမဲပေးခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဆိုပြုတင်ပြရာမှာ EU ကိုယ်စား သြစတြီးယားနိုင်ငံက ဆွေးနွေးခဲ့ပြီး OIC ကိုယ်စား ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဦးဆောင်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အစည်းအဝေးဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အကြမ်းဖက်ဖိနှိပ်ခဲ့တာတွေကို ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချခဲ့ပြီး ပြစ်မှုကျူးလွန်ချိုးဖောက်သူတွေကို တရားဥပဒေအရ အပြစ်ပေးအရေးယူဖို့၊ သူတို့ကို ပေးအပ်ထားတဲ့ ရာထူးအာဏာတွေကနေ ဖယ်ရှားပေးဖို့လည်း တောင်းဆိုထားပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးကြတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးမှာ မြန်မာနိုင်ငံက မွတ်စလင်ဒုက္ခသည်အရေး ဆွေးနွေးဖို့ ဆိုပြီး ဥရောပသမဂ္ဂ EU နဲ့ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖဲ့ွ OIC တို့က ပူးတွဲအဆိုပြုခဲ့တာကို မနေ့က မဲခွဲဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အစည်းအဝေး ဆုံးဖြတ်ချက်ချရာမှာတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် အကြမ်းဖက် ဖိနှိပ်ခဲ့တာတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချခဲ့ပြီး ပြစ်မှုကျူးလွန်ချိုးဖောက်သူတွေကို တရားဥပဒေအရ အပြစ်ပေးအရေးယူဖို့၊ သူတို့ကို ပေးအပ်ထားတဲ့ ရာထူးအာဏာတွေကနေ ဖယ်ရှားပေးဖို့လည်း တောင်းဆိုခဲ့တာပါ။

ဒီဆုံးဖြတ်ချက်အပေါ် မြန်မာကိုယ်စားလှယ်က ကန့်ကွက်ခဲ့ပြီး ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးနဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေအပေါ် မြန်မာအစိုးရအနေနဲ့ လွတ်လပ်တ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပြီး ကိုင်တွယ် ဖြေရှင်းနေတယ်လို့လည်း ခုခံပြောဆိုခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး က ဒီဆုံးဖြတ်ချက်ဟာ ပြည်တွင်းမှာ လုပ်ဆောင်နေတာတွေကို အသိအမှတ်မပြုရာရောက်သလို မျှတမှု မရှိဘူးလို့ ပြောပါတယ်။

"ကျနော်တို့ လက်မခံနိုင်တဲ့ အချက်တွေပါတယ်။ အဲဒါတွေက ဘာတွေလဲဆိုတော့ Fact Finding Mission ကို အခြေခံထားတယ်။ နောက်ပြီး ဒီဟာက မျှတမှုမရှိဘူး၊ ပြည်တွင်းမှာ လုပ်နေတာတွေကိုလည်း အသိအမှတ်မပြုဘူး။ သူတို့တောင်းဆိုထားတာတွေက ပြည်တွင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြဿနာ အဖြေရှာတာကို ဘယ်လိုမှ အထောက်အကူ မပြုနိုင်တဲ့အတွက် ဒါတွေကို လက်မခံနိုင်လို့ ကန့်ကွက်ထားတာ။ သံအမတ်ကြီးလည်း အဲလိုပဲ ကန့်ကွက်ထားတယ်"

ကုလသမဂ္ဂ တတိယကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အပေါ် မြန်မာအစိုးရအနေနဲ့ ထိရောက်တဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်သင့်တယ်လို့ ထောက်ပြသူတွေ ရှိသလို နိုင်ငံတကာက စွပ်စွဲပြစ်တင်နေတဲ့ ပြည်တွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က လုံလောက်တဲ့ ဆောင်ရွက်ချက်တွေ ရှိသင့်တယ်လို့လည်း ပြောကြပါတယ်။

နိုင်ငံရေးလေ့လာသူ ဦးအောင်သူငြိမ်းကတော့ မြန်မာအစိုးရကို အခုလို အကြံပြုပြောပါတယ်။

"ကျနော်တို့ အစိုးရအနေနဲ့ ပြီးခဲ့တဲ့ ထွက်ခဲ့တဲ့ အစီရင်ခံစာတွေရှိတယ်။ အဲဒါတွေကို လုံး၀ ငြင်းပယ်တာမျိုးထက် ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ ဗျူဟာမျိုးလည်း သေချာရှိသင့်တယ်လို့ ထင်တယ်။ လူ့အခွင့်အရေးကော်မတီရဲ့ အစီရင်ခံစာ စာမျက်နှာ ၄၀၀ ကျော်က ရခိုင်ကိစ္စ တစ်ခုတည်းမဟုတ်ဘူး။ ကချင်ပြည်နယ်က စစ်ပွဲ ရှမ်းပြည်နယ် စစ်ပွဲတွေနဲ့လည်း ချိတ်ထားတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာ ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်။ ဆိုတော့ ဒါကြောင့်မို့လို့ ရခိုင်ပြည်နယ်မှာလည်း ဖြစ်တန်ရာသည်ပေါ့။ စသဖြင့် ဒီလိုချိတ်ဆက်မှုတွေ ရှိနေတော့ တစ်ခုတည်းကို လုံးဝငြင်းပယ်တာမျိုး လုပ်လို့မရဘူးလို့ ထင်ပါတယ်။ အဲဒါတွေက အားလုံးက အရေးမပါဘူး မဟုတ်ဘူးဆိုတာမျိုး ငြင်းပယ်တာထက် ဒီထဲမှာ ဘယ်ကိစ္စတွေကတော့ ဖြစ်တယ်၊ ဘယ်ကိစ္စတွေကတော့ အရေးယူထားတယ်၊ ဘယ်ကိစ္စတွေကတော့ မမှန်ဘူး စသဖြင့် တစ်ခုချင်းကို ငြင်းသင့်တယ်လို့ ထင်ပါတယ်"

ကိုဖီအာနန် ကော်မရှင် အဖွဲ့ဝင်ဟောင်း ဦးအေးလွင်က နိုင်ငံတကာအနေနဲ့ ရခိုင်အရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ် အချိန်ပေးစောင့်ကြည့်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။

"ကျနော်တို့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စရပ်တွေဟာ ဘာတွေဖြစ်တယ်ဆိုတာကို မသိပေမယ့် တစ်စုံတစ်ရာတော့ ဖြစ်နေတယ် ဖြစ်ခဲ့တယ်ဆိုတာကိုတော့ အားလုံးက အငြင်းမပွားဘဲ သိပါတယ်။ အဲတော့ ဘယ်သူတွေက ကျူးလွန်တယ်၊ ဘယ်လောက်အတိုင်းအတာထိ ကျူးလွန်တယ် ဘာတွေဖြစ်တယ်ဆိုတာ စုံစမ်းစစ်ဆေးဖို့အတွက် ကော်မရှင် ဖွဲ့ထားပါတယ်လေ။ အဲဒီကော်မရှင်ရဲ့ ရလဒ်ကလေးတွေနဲ့ တိုက်စစ်ပြီး ဆုံးဖြတ်မယ်ဆိုရင် ပိုကောင်းတာပေါ့။ အဲဒီရလဒ်ကို စောင့်ဖို့ ကောင်းပါတယ်လို့ ပြောချင်တယ်။ အချိန်ယူပြီး ဖြေရှင်းရမှာဖြစ်ပါတယ်။ ယုံကြည်စိတ်ချမှုရဖို့ကတော့ အလုပ်နဲ့ သက်သေပြဖို့ လိုအပ်ပါတယ်။ ဘာတွေ ဘာတွေ လုပ်မယ်လို့ ပြောထားတာတွေကတော့ တော်တော်လေးကို နားထောင်လို့ ကောင်းတယ်လေ။ အဲဒီ လုပ်ငန်းလေးတွေကို မြေပြင်မှာ တစ်စုံတစ်ရာ အကောင်အထည်ဖော်ပြနိုင်မယ်ဆိုရင် ယုံကြည်မှုကတော့ ပြန်ရရှိလာနိုင်မှာပါ"

ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်ပြီး ဝေဖန်ရှုတ်ချပြစ်တင်တာတွေကို ၁၉၉၀ ခုနှစ်လောက်ကနေ ၂၀၁၅ အထိ ဆက်တိုက် လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကလည်း အလားတူ စွပ်စွဲပြစ်တင်တာတွေ ရှိခဲ့ပါတယ်။

ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာရဲ့ စွပ်စွဲပြစ်တင်မှုတွေအပေါ် ထိရောက်တဲ့ တုံ့ပြန်မှု လုပ်သင့်ကြောင်း အခုလိုပြောပါတယ်။

"သူတို့က ဟိုဘက် နိုင်ငံလောက်ကနေ လေ့လာသုံးသပ်ပြီး ရေးထားတဲ့ အစီရင်ခံစာအပေါ်မှာ ရပ်တည်ပြီး တစ်ဖက်သတ်စွပ်စွဲထားတဲ့ စွပ်စွဲချက်ပေါ်မှာ ကုလသမဂ္ဂက ဘာကြောင့်လိုက်ပါနေတာလဲဆိုတာ အစိုးရက ပြတ်ပြတ်သားသား မေးခွန်းထုတ်ဖို့ လိုနေပြီ။ အစိုးရကိုယ်တိုင်က ပါဝင်ပြီး ပြည်သူလူထုအားလုံးကို ချပြဖို့သင့်တယ် လူထုပါ ပါဝင်ပြီး ဒီဟာကို ဆန့်ကျင်ဖို့လိုတယ်။ ဒီအတိုင်း လက်ပိုက်ကြည့်နေတယ်လို့တော့ ပြောလိုတဲ့သဘော မဟုတ်ပါဘူး။ ထိရောက်တဲ့ တုံ့ပြန်မှုပေါ့။ ပြည်သူ့အားကိုယူပြီး တုံ့ပြန်သင့်တယ်။ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်ငံပဲ။ တစ်နိုင်ငံလုံးက တုံ့ပြန်ရင် ဘယ်အဖွဲ့အစည်းကမှ မနေနိုင်ပါဘူး။ အဲဒါမျိုး ပါဝင်စေချင်တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အခုက ကိုယ်ခံနေရတာ သိရက်နဲ့ ကိုယ်က တရားခံ ပြန်ဖြစ်တယ်ဆိုတာကတော့ လောကကြီးက တော်တော်ကြီးကို မတရားသလိုဖြစ်တယ်"

ရခိုင်ပြည်နယ်က မွတ်စလင်အရေးနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ရင် ကျူးလွန်သူတွေကို အရေးယူအပြစ်ပေးတာတွေ လုပ်ဆောင်မှာဖြစ်ကြောင်း မြန်မာအစိုးရဘက်က ပြောဆိုထားပါတယ်။

ဒါပေမဲ့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက အားရမှုမရှိသလို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စွပ်စွဲ ပြစ်တင်တာတွေအထိ ရှိနေတာပါ။

NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာ အောင်ရှင် က မြန်မာ့အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ စွပ်စွဲပြစ်တင်မှုတွေကို လက်မခံကြောင်း အခုလိုပြောပါတယ်။

"ကျနော်တို့က တစ်ဖက်သတ် စွပ်စွဲမှုတွေကိုတော့ လက်မခံဘူး။ ကျနော်တို့ တုံ့ပြန်မယ်။ ဒါပေမဲ့ သူတို့စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ကျနော်တို့အနေနဲ့ မှတ်သားထားရတာပေါ့လေ။ မှတ်သားထားပြီး လုပ်သင့်လုပ်ထိုက်တာကို ဆက်ပြီး လုပ်မယ်လို့ပဲ ပြောချင်ပါတယ်"

ရခိုင်ပြည်နယ်က မွတ်စလင်အရေးနဲ့ပတ်သက်လို့ လက်ရှိ NLD အစိုးရ သက်တမ်းအတွင်း အပြီးသတ် ဖြေရှင်းနိုင်မှာမဟုတ်ကြောင်းနဲ့ ဒီအရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရအပေါ် နိုင်ငံတကာအမြင် ပြောင်းလဲမှာ မဟုတ်တာကြောင့် ပြစ်တင်ဝေဖန်မှုတွေကို ဖြေဖျောက်နိုင်ဖို့ ခက်ခဲနေဦးမှာပဲလို့ မုံရွာ အောင်ရှင်က ပြောပါတယ်။

ဒါကတော့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးကနေ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ဝေဖန်ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်လို့ သဘောထားအမြင်တွေကို စုစည်းတင်ပြခဲ့တာ ဖြစ်ပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မဇင်မာဝင်း ပေးပို့တာပါ။