ကုလလူ့အခွင့်အရေးမဟာမင်းကြီး နောက်ဆုံးမိန့်ခွန်း မှာ မြန်မာကိုဝေဖန်

မန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေကို အသေအချာဖွဲ့စည်းထားပြီး၊ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ တိုက်ခိုက်မှုတွေ ဆက်ရှိနေဆဲဖြစ်ပြီး လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအထိ ဖြစ်နိုင်ချေရှိတယ်လို့ ယူဆရကြောင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာလည်း လက်နက်ကိုင် ပဋိပက္ခဟာ ပိုအရှိန်မြင့် လာနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇာဟစ် အယ်-ဟူစိန်က ဒီနေ့ ပြောကြား လိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဒီကနေ့ စတင်ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီညီလာခံ မိန့်ခွန်းမှာ အခုလို ပြောကြား လိုက်တာဖြစ်ပါတယ်။ မစ္စတာဇာဟစ်ဟူစိန်ဟာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး အဖြစ် ရာထူးတာဝန်မကုန်ဆုံးခင် ဒီနေ့ နောက်ဆုံးမိန့်ခွန်း ပြောကြားတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်ခဲ့သူတွေကို မြန်မာအစိုးရက ဖော်ထုတ်အရေးယူမယ် ဆိုတာဟာ ယုံကြည်စရာမရှိကြောင်း၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ရိုဟင်ဂျာမွတ်စလင်တွေ ပြန်မရောက်ခင် ဒီဒေသကို အရင်ဝင်ရောက် လေ့လာသင့်ကြောင်းလည်း သူက ပြောပါတယ်။

ဒီမိန့်ခွန်းမှာ နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မိသားစုတွေထဲက ကလေးသူငယ် ၂ဝဝဝ ကျော်ကို အမေရိကန်အစိုးရက မိဘတွေနဲ့ခွဲပြီး ဖမ်းဆီးထိန်းသိမ်းထားတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မြောက် ကိုရီးယားမှာ ဆက်ပြီး ဖြစ်ပွားနေတာ၊ တိဘက်နဲ့ ဇင်ကျန်းဒေသတွေက လူ့အခွင့်အရေးအခြေအနေအပေါ် ပြောပြမယ့်သူတွေကို တရုတ်အစိုးရက တားမြစ်နေတာတွေကိုလည်း သူရဲ့နောက်ဆုံးမိန့်ခွန်းမှာ ထည့်သွင်း ဝေဖန်ခဲ့ပါတယ်။

ဂျော်ဒန်မင်းသားတပါးဖြစ်တဲ့ ဇာရစ် ရာအက် အယ်-ဟူစိန်ဟာ ကုသလမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရာထူးကနေ သြဂုတ်လကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။