ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဖွဲ့အားလုံးပါဝင်ဖို့ လွှတ်တော် ဒု ဥက္ကဌပြောကြား


2016.07.01
una-enac-620.jpeg ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ ဇူလိုင်လ ၁ ရက်နေ့က UNA နဲ့ ENAC တို့ ပူးပေါင်းပြီး "မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်ဆိုင်ရာ အဓိက မူဝါဒဆွေးနွေးပွဲ" ကျင်းပစဉ်
Photo: Kyaw Htoon Naing/RFA

ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ရက္ခိုင့်တပ်မတော် AA၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး TNLA နဲ့ ကိုးကန့်တပ်မတော် MNDAA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအားလုံး ပါဝင်ဆွေးနွေးခွင့်ရဖို့လိုကြောင်း အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင် က ပြောပါတယ်။

ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ ကျင်းပနေတဲ့ စည်းလုံးညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ တိုင်းရင်းသား လူမျိုးများရေးရာစင်တာတို့ ပူးပေါင်းကျင်းပတဲ့ "မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်ဆိုင်ရာ အဓိက မူဝါဒဆွေးနွေးပွဲ" မှာ ဦးအေးသာအောင် က ပြောကြားလိုက်တာဖြစ်ပါတယ်။

"AA ရက္ခိုင့်တပ်မတော်၊ TNLA တအာဝ်းပလောင်တပ်မတော်၊ MNDAA ကိုးကန့်တပ်ဖွဲ့များကို NCA ထိုးတဲ့နေရာမှာ ပါဝင်ခွင့်၊ တက်ရောက်ခွင့်မရဘူး၊ ဒီလိုတော့ ကျနော့်အနေနဲ့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်၊ ပြည်တွင်းစစ်ရပ်ဖို့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ဆိုရင် ဘယ်အဖွဲ့ကိုမတက်နဲ့ ဘယ်အဖွဲ့ကိုတော့ချန်ထား၊ ဒီလိုလုပ်လို့တော့ မဖြစ်ဘူး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး တက်ရောက်ပြီးတော့ NCA လက်မှတ်ထိုးပြီးတော့ အဲ့ဒီကနေတဆင့် ငြိမ်းချမ်းရေးဆွေးနွေးခွင့်ပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်ဆွေးနွေးရဖို့လိုပါတယ်"

ဒါ့အပြင် နိုင်ငံရေးဆွေးနွေးရာမှာလည်း ပင်လုံညီလာခံမှာ သဘောတူညီထားတဲ့ မူဝါဒ ၃ ချက်ကို အခြေခံ ဆွေးနွေးမှသာ ရလဒ်ကောင်းတွေ ရရှိနိုင်မှာဖြစ်ကြောင်းလည်း ဦးအေးသာအောင်က ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက ၂၁ ရာစု ပင်လုံညီလာခံဟာ ပင်လုံစာချုပ်ပါ အချက်တွေကို အခြေခံရမှာဖြစ်ပြီး ရှစ်ပြည်နယ်မူနဲ့ ဆွေးနွေးမှသာ တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ရရှိနိုင်မယ်လို့ ပြောပါတယ်။

UNA နဲ့ ENAC အဖွဲ့တို့ရဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ အဓိက မူဝါဒဆွေးနွေးပွဲမှာ ကျန်းမာရေး၊ ပညာရေး၊ ဒုက္ခသည်များနှင့် IDP နေရပ်ရွှေ့ပြောင်း ဒုက္ခသည်ရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ၊ မြေယာ၊ သဘာဝသယံဇာတဆိုင်ရာ၊ စိုက်ပျိုးရေးဆိုင်ရာ၊ အခွန်ကောက်ခံခြင်းဆိုင်ရာ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြုှပ်နှံမှု ဆိုင်ရာ စတဲ့ မူဝါဒ ၉ ခုကို မနေ့က စတင်ဆွေးနွေးနေကြတာပါ။

ဒီဆွေးနွေးပွဲကို ကရင်အမျိုးသားအစည်းအရုံး KNU ဒုတိယ ဥက္ကဋ္ဌ နော်စီဖိုးရာစိန်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နာယက ဗိုလ်ချုပ်ဆေထင် တို့လည်း ဆွေးနွေးပွဲကို တက်ရောက်နေပြီး မနက်ဖြန်မှာ ကရင်အမျိုးသား အစည်းအရုံး KNU ဒုတိယ ဥက္ကဋ္ဌ နော်စီဖိုးရာစိန် က အမှာစကားပြောကြားမှာဖြစ်ပါတယ်။

၂၁ ရာစုပင်လုံညီလာခံမှာ ပင်လုံမူ၊ ပင်လုံသဘောတူညီချက်တွေကို အခြေခံဆွေးနွေးမှသာ တိုင်ရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်နိုင်မှာဖြစ်ကြောင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ဆွေးနွေးခွင့်ရဖို့ အရေးကြီးကြောင်း အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်က  မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်ဆိုင်ရာ မူဝါဒဆွေးနွေးပွဲမှာ ပြောလိုက်ပါတယ်။

RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။