UNA အဖွဲ့ မြစ်ကြီးနား ရောက်ရှိ

2018-11-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ၂၀၁၈၊ နိုဝင်ဘာ ၂၇ ရက်နေ့က မြစ်ကြီးနားမြို့ Madira ဟိုတယ်မှာကျင်းပစဉ်
ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ၂၀၁၈၊ နိုဝင်ဘာ ၂၇ ရက်နေ့က မြစ်ကြီးနားမြို့ Madira ဟိုတယ်မှာကျင်းပစဉ်
Photo: Elizabeth/ RFA

စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် (UNA) အဖွဲ့ဝင်တွေက ကချင်ပြည်နယ် အခြေစိုက် အဖွဲ့အစည်းတွေနဲ့ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ဒီနေ့ မြစ်ကြီးနားမြို့မှာ ပထမဆုံးအကြိမ် ကျင်းပပါတယ်။

အဲဒီတွေ့ဆုံပွဲကို မြစ်ကြီးနားမြို့မှာရှိတဲ့ မဒီရာ ဟိုတယ် မှာ ကျင်းပတာဖြစ်ပြီး ဆွေးနွေးပွဲမှာ UNA ရဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူတွေ ရှင်းလင်းခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေး၊ လူမှုစီးပွားရေးနဲ့ ဒေသန္တရဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးဖလှယ်ခဲ့တယ်လို့ သိရပါတယ်။

တိုင်းရင်းသားနိုင်ငံရေးပါတီငယ်တွေ အချင်းချင်း ရိုင်းပင်းတဲ့ ညီညွတ်တဲ့ မဟာမိတ်တွေ ဖွဲ့စည်းဖို့ လိုအပ်ကြောင်း၊ လူမှုအဖွဲ့အစည်းတွေရဲ့ အသံတွေ လာရောက်နားထောင်ပြီး အကြံဥာဏ်တွေ လာရောက်ရယူတာလို့ UNA အတွင်းရေးမှူး အဖွဲ့ဝင် စိုင်းညွန့်လွင် က RFA ကို ပြောပါတယ်။

ဆွေးနွေးပွဲမှာ UNA အဖွဲ့ဝင်ပါတီတွေဖြစ်တဲ့ ကယန်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ စတဲ့ ပါတီတွေက UNA အတွင်းရေးမှူး အဖွဲ့ဝင်တွေနဲ့ ပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတွေ လာရောက်ခဲ့ကြပါတယ်။

ကချင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းတွေ ဖြစ်တဲ့ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ ဂေါ်ရခါး ကျောင်းသားများအဖွဲ့၊ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ စတဲ့ အဖွဲ့တွေက ကိုယ်စားလှယ်တွေက တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကနေ ရရှိလာတဲ့ အကြံပြုချက်တွေ ဆွေးနွေးချက်တွေကို UNA အစည်းအဝေးမှာ တင်ပြသွားမှာဖြစ်ပြီး မနက်ဖြန်မှာလည်း မြစ်ကြီးနားမြို့ မနောကွင်းမှာရှိတဲ့ မဂျွယ်ခန်းမမှာ မိခင်ဘာသာ အခြေပြု ပညာသင်ကြားရေး ခေါင်းစဉ်နဲ့ ဆွေးနွေးတာတွေ၊ လူထုတွေ့ဆုံတာတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

စည်းလုံးညီညွှတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် (UNA) အဖွဲ့ဟာ အလားတူ တွေ့ဆုံပွဲတွေကို တစ်ခြား ပြည်နယ်တွေမှာလည်း ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက် ပေးပို့တာပါ။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့