ရန်ကုန်မှာ အသက် ၁၈ နှစ်အောက် မိန်းကလေးသုံးယောက် ရိုက်နှက်ဖမ်းဆီးခံရ

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှာ မတ်လ ၁၃ ရက် မနေ့ကညနေ ၆ နာရီကျော် လောက်မှာ အယောက် ၃၀ ကျော်ပါတဲ့ လူငယ်အစု အဖွဲ့တစ်ဖွဲ့က စစ်ကောင်စီကို ဆန္ဒပြခဲ့ ကြပါတယ်။

သူတို့ဆန္ဒပြနေတုန်း မလှမ်းမကမ်းမှာစစ်ကားရောက်လာတဲ့အတွက် အသီးသီးလူစုခွဲပြီး ပြန်ကြတဲ့ အချိန်မှာ အသင့်စောင့်နေတဲ့ အရပ်ဝတ်နဲ့ တုတ်လက်နက်ကိုင်အဖွဲ့က ဝိုင်းရိုက်ပြီး ဖမ်းဆီးလို့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ယောက်နဲ့ အသက် ၁၆ နှစ်အရွယ်ဝန်းကျင် မိန်းကလေး နှစ်ယောက်၊ စုစုပေါင်း သုံးယောက် ရိုက်နှက် ဖမ်းဆီး ခံလိုက်ရတယ်လို့ သူတို့နဲ့အတူ ဆန္ဒပြပြီး ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ကိုအောင်က RFA ကိုပြောပြပါတယ်။

“အရပ်ဝတ်တွေနဲ့ ဖမ်းတာဗျ။ ပလေကပ်တွေနဲ့။ အနဲဆုံးမရှိဘူးဆို ၉ ယောက် ၁၀ ယောက်လောက် ရှိတယ်။ အားလုံးဟာ သုံးဆင့်စတီးတုတ်တွေ ပါတယ်။ မိန်းကလေး သုံးယောက်ကို ဆောင့်ကန်ပြီး ဖမ်းသွားတယ်။ သူတို့ ကားပေါ်တင်သွားတယ်။ သူတို့ကို ဘယ်ကို ခေါ်သွားလဲဆိုတာ ကျနော်တို့လည်း ဆက်သွယ်လို့မရသေးဘူး။ ဘယ်စခန်းကို ရောက်နေလဲဆိုတာလဲမသိသေးဘူး။ သူတို့ဆို ၁၆ နှစ်လောက်ပဲ ရှိဦးမယ်။ ယူကီရာ ဆိုတဲ့ မိန်းကလေးဆို ၁၃ လောက်ပဲ ရှိဦးမယ်”

အဖမ်းခံလိုက်ရတဲ့ မိန်းကလေးတွေက အသက် ၁၃ နှစ်လောက်အရွယ် မယူကီရာနဲ့ အသက် ၁၆ နှစ်အရွယ်လောက်တွေဖြစ်တဲ့ မအေးမြတ်သူနဲ့ မအပိုးတို့ ဖြစ်တယ်လို့ ပြောပါတယ်။

ကိုအောင်က သူလည်း ရိုက်နှက်ခံရလို့ ခေါင်းနဲ့ကျောမှာထိပြီး ထွက်ပြေးလွတ်မြောက် လာတယ်ဆိုတဲ့ အကြောင်းပြောပြပါတယ်။

“ပထမဆုံး ကျနော်တို့နေရာ ခွဲသွားတယ်။ ကျနော်တို့ ခပ်တည်တည် သွားနေတဲ့ အချိန်မှာပဲ သူတို့က ကျနော်တို့ကို စောင့်ကြည့်နေတာဗျာ။ ပြီးတော့ သူတို့က မင်းတို့မပြေးနဲ့ ဖမ်း ဖမ်း ဆိုပြီး ပြောတဲ့ အချိန်မှာ ကျနော့်လူတွေကို ကျနော်က ပြေးတော့ဆိုပြီးပြောတယ်။ အဲဒီအချိန်မှာ နည်းနည်း ရုန်းရင်းဆန်ခတ် ဖြစ်သွားတယ်။ ကျနော်က နောက်ပြန်လှည့်ပြီး ပြေးတဲ့အချိန်မှာ အနောက်ကနေ နှစ်ယောက် ဝင်ဖမ်းတယ်။ အရှေ့ကနေ နှစ်ယောက်က ထပ်ပိတ်တယ်။ ဘေးနားက လေး ငါး ခြောက် ယောက်လောက်ရှိမယ်။ ကျနော်က အရှေ့ကို ပြန်လှည့်ပြေးတဲ့ အချိန်မှာ ကျနော့်ကို သုံးဆစ်တုတ်နဲ့ ရိုက်ချလိုက်တယ်။ ကျနော် ခေါင်းထိသွားတယ်ပေါ့နော်။ ကျနော့် သူငယ်ချင်းတစ်ယောက်နဲ့ မိသွားတဲ့ ကောင်မလေးတစ်ယောက်ကို ကျနော် တွန်းလိုက်တယ်။ ကောင်မလေးကတော့ ဖမ်းမိသွားတယ်။ ကျနော်ရယ် နောက် ယောကျာ်းလေး တစ်ယောက်ရယ် နှစ်ယောက်ပဲ လွတ်လာတယ်ပေါ့။ ပြီးတော့မှ ကျန်တဲ့သူတွေကို ဆက်သွယ်တော့မှ သူတို့လည်း လွတ်လာတယ်။ ရုန်းကန်ပြီး အကုန်လုံး ပြေးလာကြတယ်ပေါ့။ ကျနော်ပြေးနေတဲ့အချိန်မှာ ကျနော့်နောက်ကို တုတ်နဲ့ လှမ်းပစ်လို့ ကျနော့် ကျောကုန်းကို ထိသွားသေးတယ်”

သူတို့ရဲ့ဆန္ဒပြပွဲနဲ့ အတွေ့အကြုံကိုလဲ ကိုအောင်က အခုလိုပြောပြပါတယ်။

"ကျနော်တို့က မြန်မာ့ဂုဏ်ရည်လမ်းကနေစပြီးတော့ သပိတ်စစ်ကြောင်းကို လုပ်တယ်။ ၆ နာရီခွဲပြီး ၁ဝ မိနစ်လောက်မှာ သပိတ်ကို စလုပ်တဲ့အချိန်မှာ ပြည်သူတွေက ပြောတယ်။ စစ်ကားတွေလာနေပြီ။ စစ်ကားတွေ လာနေပြီဆိုတော့ ကျနော်တို့ အကုန်လုံး လူစုခွဲပြီး ပြေးသွားကြတယ်။ လွတ်ရာကို ပြေးရင်းနဲ့ ဒလန်က သတင်း ပေးထားတော့ သူတို့က ကျနော်တို့ ထွက်တဲ့အပေါက်မှာ စောင့်နေတယ်။ အမှောင်ထဲမှာ ကားထားပြီးတော့ ကားထဲမှာ တုတ်တွေပါတယ်။ ကျနော်တို့ ထွက်လာပြီး လမ်းလျှောက်တာလည်း မြင်ရော ဟေ့ကောင်တွေ မပြေးနဲ့ဆိုပြီး ကျနော်တို့ကို ဝင်ဖမ်းတယ်။ ဝင်ရိုက်တယ်ပေါ့နော်”

မတ်လ ၁၂ ရက် စနေနေ့ကလဲ မအူကုန်းလမ်းကျယ်ဘက်မှာ ဆန္ဒပြခဲ့ကြတယ်လို့ ပြောပါတယ်။ အဲဒီ နောက်မှာတော့ အိမ်တွေကို ဝင်ဖမ်းလို့ လူငယ်တချို့ အဖမ်း ခံလိုက်ရတယ်လို့ ကိုအောင်က ပြောပါတယ်။ ဒါပေမဲ့ အဲဒီနေ့က အဖမ်းခံရတဲ့ သူတွေကတော့ သူတို့သပိတ်အဖွဲ့က လူတွေ မဟုတ်လို့ ဘယ်နှစ်ယောက် ပါသွားလဲ ဆိုတာ တိတိကျကျမ သိရသေးဘူးလို့ ဆိုပါတယ်။

4 031222.jpg
၂ဝ၂၂ ခုနှစ် မတ်လ ၁၂ ရက်နေ့က ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြနေကြသော လူငယ်များ (Photo: CJ)

ဒီအတောအတွင်းမှာပဲ PBYSC - ပုဇွန်တောင်၊ ဗိုလ်တထောင်လူငယ်များ သပိတ် ကော်မတီက လူငယ်တစ်ယောက် ပြီးခဲ့တဲ့ရက်က အဖမ်းခံလိုက်ရတယ်လို့ GSC အထွေထွေသပိတ်ကော်မတီက ပြောပါတယ်။

မနေ့ည ၁၀ နာရီလောက်ကလည်း ဗဟန်းမြို့နယ် ဂွတ္တလစ်ရပ်ကွက်ဘက်မှာ လူငယ် တစ်ယောက်ကို စစ်ကောင်စီတပ်က ဝင်ဖမ်းသွားတယ်လို့ အမည်မဖော်လိုတဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။ အဖမ်းခံရတဲ့သူ ဘယ်သူဘယ်ဝါဆိုတာ ခုချိန်မှာ စုံစမ်းလို့ မရသေးပါဘူး။

ဒါကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရန်ကုန်မြို့မှာ အဖမ်းခံရတဲ့သူ ၁၀ ယောက်ကျော် လောက် ရှိတယ်လို့ သိရပါတယ်။