စစ်တပ်က အာဏာသိမ်းယူလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ စက်တင်ဘာလအထိ စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၂၀၀၈၀၀ ဦးရှိလာပြီဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က စက်တင်ဘာလ ၁၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်ဟာ စက်တင်ဘာလ ပထမအပတ်နဲ့ ဒုတိယအပတ် နှစ်ပတ်ထဲမှာ တင် ၁၈ ရာခိုင်နှုန်း တိုးလာတယ်လို့ပါရှိပါတယ်။
UNHCR ရဲ့ စာရင်းအရ အိမ်နီးချင်းနိုင်ငံတွေဘက်ကို ထွက်ပြေးရသူ ခန့်မှန်း ၂၂၀၀၀ ဝန်းကျင်ရှိပြီး ဒီအထဲမှာ ချင်းပြည်နယ်ကနေ တဘက်အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ မဏိပူရဘက် ထွက်ပြေးနေရသူ ၁၅၀၀၀ ဝန်း ကျင်ရှိနေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒီးမော့ဆိုမြို့နယ်က နေရပ်စွန့်ခွာထွက်ပြေးရသူ ၂၁၀၀၀ ရှိခဲ့တဲ့အနက် ၁၈၀၀၀ ခန့် နေအိမ်တွေကို ပြန်လာ ခဲ့ကြပေမယ့်လည်း လက်ရှိ ဒုတိယအကြိမ် တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာနေတာကို အစီရင်ခံစာတွေအရ သိရတာကြောင့် အလားတူ ထွက်ပြေးနေရတဲ့ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း က စစ်ဘေးဒုက္ခသည်တွေ မူလနေရပ်ပြန်ရရင်လည်း ဒါဟာခဏတာပဲဖြစ်နိုင်တယ်လို့ UNHCR က ဖော်ပြ ထားပါတယ်။
ဒါ့အပြင် ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဘက်မှာဖြစ်ပွားနေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွေတိုးလာသလို ကချင်ပြည်နယ်မှာလည်း ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်တပ်ရဲ့တိုက်ပွဲတွေကြောင့် ဝိုင်းမော်မြို့နဲ့ ပူတာအိုက ဒေသခံတွေ အိုးမဲ့အိမ်မဲ့ဖြစ်နေရတယ်လို့ UNHCR က ဆိုပါတယ်။
ကချင်ပြည်နယ်ဘက်မှာဆိုရင် ဒေသခံတွေရဲ့ နေအိမ်တွေအပြင် ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေပါ ဖျက်ဆီးခံရတာတွေရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
UNHCR အနေနဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့နဲ့ ပူးပေါင်းပြီး တနင်္သာရီတိုင်းထဲက စစ်ဘေးဒုက္ခသည်စခန်း တွေကို အကူအညီပေးနေသလို ကရင်ပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်တွေအတွက် ခြင်ထောင် ၇၀၉ ခု ကိုလည်း ထောက်ပံ့ကူညီခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေနဲ့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးလုပ်ဆောင်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအတွက် ကုတင်၊ မွေ့ယာ၊ အဝတ်လျှော်စက်နဲ့ သန့်ရှင်းရေးပစ္စည်းတွေ ထောက် ပံ့ပေးခဲ့ပြီး နောက်ထပ်လိုအပ်တဲ့ပစ္စည်းတွေလည်း ထောက်ပံ့ကူညီဖို့ စီစဉ်နေတယ်လို့ပါရှိပါတယ်။
ရခိုင်ပြည်နယ်မှာလည်း လူသားချင်းစာနာမှုအကူအညီတွေ ပြန်လည်စတင်နေပြီဖြစ်ပြီး အခုလစက်တင်ဘာ ထဲမှာတင် စစ်တွေမြို့မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအတွက် မိုးကာ ၃၅၂ ခုနဲ့ မြောက်ဦး၊ ကျောက် တော်နဲ့ မင်းပြားက စစ်ဘေးဒုက္ခသည် ၂၇၀၄ ဦးအတွက် သန့်ရှင်းရေးနဲ့ပတ်သက်တဲ့ အထောက်အပံ့တွေ လည်း ကူညီပေးခဲ့ပြီးဖြစ်တယ်လို့ UNHCR က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြေးရသူတွေ ပိုတိုးလာတာတဲ့ အပေါ် လူသားချင်းစာနာမှုအကူအညီတွေ ပိုတိုးလုပ်ဆောင်နိုင်ဖို့ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံဘက်က ဒေသ ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ လူမှုရေးအဖွဲ့တွေနဲ့ပါ ချိတ်ဆက်လုပ်ဆောင်နေတယ်လို့ UNHCR က ထုတ်ပြန် ထားပါတယ်။
မြန်မာနိုင်ငံတဝှမ်း ဒုက္ခသည်အရေးလုပ်ဆောင်နေတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကိုမေးမြန်းပြီး RFA က သီးခြားကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ စက်တင်ဘာလ အစပိုင်းအထိ ခုနစ်လကျော်အတွင်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်း စတဲ့ တိုင်းရင်းသားပြည်နယ်တွေနဲ့ စစ်ကိုင်းတိုင်းတို့မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ဒုက္ခသည် စုစုပေါင်း သုံးသိန်းနီးပါး ရှိနေပါပြီ။