အရှေ့အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ တစ်နှစ်အတွင်း ဖမ်းမိတဲ့ မက်သာဖက်တမင်းစိတ်ကြွမူးယစ်ဆေး အလုံးရေ သန်းတစ်ထောင်ကျော်ရှိတယ်လို့ ကုလသမဂ္ဂ UNODC က မနေ့က တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မူးယစ်မှောင်ခိုမှုတွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ထိုင်း-မြန်မာ-လာအို သုံးပွင့်ဆိုင် ရွှေတြိဂံနယ်မြေကနေ ရောင်းဝယ်ဖောက်ကားကြတယ်လို့ ဆိုပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့်ရော၊ စစ်အာဏာသိမ်းမှုကြောင့်ပါ မတည်ငြိမ်တဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ရာဇဝတ်ဂိုဏ်းတွေက အခွင့်ကောင်းယူခဲ့ကြတာလို့ ဆိုပါတယ်။
စုစုပေါင်း ၁၇၂ တန်ဖမ်းမိတဲ့အတွက် ဒါဟာ ဆယ်စုနှစ်အတွင်း ဖမ်းမိတဲ့ ပမာဏရဲ့ ခုနစ်ဆကျော်ဖြစ်တယ်လို့လည်း UNODC ကပြောပါတယ်။ ဒီပမာဏဟာ မယုံကြည်လောက်စရာ ပမာဏဖြစ်တယ်လို့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ UNODC အကြီးအကဲ Jeremy Douglas က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဟာ စိတ်ကြွမူးယစ်ဆေး အဓိကထုတ်တဲ့နေရာ ဖြစ်နေပြီး အဲဒီကနေ လာအို၊ လာအိုကနေ ထိုင်း၊ ထိုင်းကနေ မလေးရှားကို ဖြန့်ဖြူးတယ်လို့လည်း UNODC ကပြောပါတယ်။