မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဆိုင်းပြီး နိုင်ငံခြားသားတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့ အမေရိကန်နဲ့ အာဆီယံ-အရှေ့တောင် အာရှနိုင်ငံများအသင်းက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ မေ ၁၂ ရက်နဲ့ ၁၃ ရက်က ကျင်းပတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြလိုက် တာဖြစ်ပြီး မြန်မာနိုင်ငံပြဿနာကို အမေရိကန်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အထူး စိုးရိမ်မကင်းဖြစ်ရတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံအရေး ငြိမ်းချမ်းစွာ အဖြေရှာနိုင်ဖို့ အမေရိကန်ပြည်ထောင်စုနဲ့ အာဆီယံ- အရှေ့တောင် အာရှနိုင်ငံများအသင်းက ဆထက်ထမ်းပိုးအားထုတ်မယ်လို့လည်း ဖော်ပြ ထားပါတယ်။ ဒါဟာ အာဆီယံပဋိညာဉ်မှာ ဖော်ပြထားတဲ့အတိုင်း လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်ကို ထင်ဟပ်စေတယ်လို့ ပြောပါတယ်။
စာပိုဒ် ၂၈ ပါ ပူးတွဲကြေညာချက်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သီးခြားအထူးပြုတဲ့ အပိုဒ်တစ်ပိုဒ်ဖော်ပြထားတာပါ။
ဒီပူးတွဲ ကြေညာချက်ပါ စာပိုဒ်ကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ကြေညာချက် ထုတ်ပြန်ပြီး ဝေဖန်လိုက်ပါတယ်။
ထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို မြန်မာ့နိုင်ငံရေးကို ကိုယ်စားမပြုသူကိုဘဲ တက်ရောက်ဖို့ ဖိတ်ကြားစာပေးပို့တယ်လို့ ဖော်ပြပါတယ်။ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ စာပိုဒ်ကို မထည့်သွင်းဖို့တောင်းဆိုပေမယ့် အာဆီယံရဲ့ တူညီဆန္ဒမပါဘဲ ပူးတွဲကြေညာချက် ထုတ် ပြန်တယ်လို့ ပြောပါတယ်။ အဲဒိစာပိုဒ်မှာပါရှိတဲ့ အသုံးအနှုန်းတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို စွက်ဖက်တယ်၊ သက်ဆိုင်ရာနိုင်ငံကို သမာသမတ်ကျတဲ့နည်းနဲ့ မချဉ်း ကပ်တာ အထင်အရှားတွေ့ရတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ဝေဖန်လိုက်ပါ တယ်။