မြန်မာကိုယ်စားလှယ် မပါတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အာဆီယံခေါင်းဆောင်တွေကို အိမ်ဖြူတော်မှာ မနေ့က လက်ခံတွေ့ဆုံပြီး ကြိုဆိုခဲ့ပါတယ်။ အမေရိကန်-အာဆီယံဆက်ဆံရေး ၄၅ နှစ်ပြည့် အထိမ်းအမှတ်နဲ့ ကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲကို မြို့တော် ဝါရှင်တန်ဒီစီမှာ မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်ကြာ ကျင်းပနေတာပါ။

ဒီဆွေးနွေးပွဲမှာ မြန်မာစစ်ကောင်စီကို အမေရိကန်က မဖိတ်ခဲ့တာကြောင့် မြန်မာကိုယ်စား လှယ် မပါဝင်ပါဘူး။ ရာထူးက အနားယူတော့မယ့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးကလည်း နိုင်ငံခြားရေးဝန်ကြီးကိုပဲ ဖိလစ်ပိုင်နိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် စေလွှတ်ခဲ့တာကြောင့် အခုထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံ ရှစ်နိုင်ငံက ခေါင်းဆောင်တွေပဲ တက်ရောက်နေကြ ပါတယ်။

ဒီထိပ်သီးဆွေးနွေးပွဲရှိတဲ့အချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်လည်း အမေရိကန်ရဲ့ ဖိတ်ကြားချက်နဲ့ ဝါရှင်တန်ဒီစီမှာ ရောက် နေပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတွေ၊ လွှတ်တော်ကိုယ်စား လှယ်တွေ အပြင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအချို့နဲ့ပါ သီးသန့်တွေ့ဆုံဖို့ ရှိတယ်လို့ ဒေါ်ဇင်မာအောင်က RFA ကို ပြောပါတယ်။

မနေ့က ထိပ်သီးဆွေးနွေးပွဲ ကျင်းပနေတဲ့အချိန်မှာ မြန်မာနဲ့ ကမ္ဘောဒီးယားဒီမိုကရေစီ အရေး လှုပ်ရှားသူတွေကလည်း အိမ်ဖြူတော်နဲ့ မလှမ်းမကမ်းမှာ ဆန္ဒပြခဲ့ကြပါတယ်။ အာဆီယံဒေသတွင်းမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးထွန်းကားဖို့၊ အာဏာရှင်စနစ်ပပျောက် ဖို့ အာဆီယံခေါင်းဆောင်တွေကို ဖိအားပေးတိုက်တွန်းတဲ့အနေနဲ့ ဆန္ဒပြခဲ့ကြတာပါ။

သမ္မတ ဂျိုးဘိုင်ဒင်က အာဆီယံဒေသတွင်းမှာ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းတဲ့ စွမ်းအင်ထုတ်လုပ်မှုတွေ ထွန်းကားရေးနဲ့ ပင်လယ်ရေကြောင်း လုံခြုံမှုရှိရေးကို အားပေးထောက်ခံသွားမယ်၊ ဒါတွေအတွက် ဒေါ်လာ သန်း ၁၅ဝ သုံးစွဲမယ်လို့ ကတိပေး ခဲ့ပါတယ်။ အာဆီယံဒေသမှာ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုက ကြီးမားနေတာကြောင့် အမေရိ ကန်ကလည်း အာဆီယံဒေသမှာ သြဇာလွှမ်းမိုးဖို့ ကြိုးပမ်းနေတာလို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။