အမေရိကန်-အာဆီယံထိပ်သီးညီလာခံမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဦးစားပေးဖို့ HRW တိုက်တွန်း

မေလ ၁၂ ရက်နေ့မှာ ကျင်းပမယ့်၊ အမေရိကန် -အာဆီယံ အထူးဆွေးနွေးပွဲဟာ ဒေသတွင်းက ဆိုးရွားလာနေတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအခြေအနေတွေအပေါ် ဒေသတွင်းခေါင်းဆောင်တွေနဲ့အတူ တိုက်ရိုက်ရင်မဆိုင်ဘူးဆိုရင် အာဏာသုံးခေါင်းဆောင်တွေကို အားပေးအားမြှောက်ပြုရာရောက်လိမ့်မယ်လို့ HRW လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ဆွေးနွေးပွဲဦးဆောင်သူ အမေရိကန်သမ္မတ Joseph Biden ထံ ပေးပို့ခဲ့တဲ့ စာမှာ ဖော်ပြခဲ့တာပါ။

အာဆီယံခေါင်းဆောင်တွေအနေနဲ့ စစ်အာဏာသိမ်းခံခဲ့ရပြီးတဲ့နောက် လက်ရှိမြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာကူညီရေး ပြဿနာတွေ ဖြေရှင်းရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကို လည်း အသိအမှတ်ပြုဖို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။

HRW ရဲ့အာရှဆိုင်ရာညွှန်ကြားရေးမှူး John Sifton ကလည်း - ဘိုင်ဒင်အစိုးရအနေနဲ့ အာဆီယံရဲ့ရှေ့ရေးအနာဂတ်ဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်တယ်ဆိုတာ အာဆီယံခေါင်းဆောင်တွေ ယုံကြည်အောင် ဆောင်ရွက်ဖို့လိုကြောင်း၊ အမေရိကန်-အာဆီယံ ဆက်ဆံရေးမှာ ရိုးသားဖို့ လိုအပ်ပြီး ဒေသတွင်းက ယိုယွင်းလာနေတဲ့ လူ့အခွင့်အရေးအခြေအနေ ဒီမိုကရေစီ နောက်ပြန်လျှောကျမှုတွေကို တိုက်ရိုက်ရင်ဆိုင်ဖြေရှင်းရမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် အာဆီယံဒေသတွင်းက အာဏာသုံးအုပ်ချုပ်ရေး ကြီးထွားလာနေတာဟာ လူ့အခွင့်အရေးကာကွယ်မှုတွေအပေါ် တရုတ်အစိုးရရဲ့ နှောင့်ယှက်ဟန့်တားမှုတွေ ပိုမိုကြီးထွားလာနေတာကြောင့် ဖြစ်ကြောင်း၊ အမေရိကန်အရာရှိတွေအနေနဲ့လည်း အာဆီယံနိုင်ငံတွေနဲ့ တွေ့ဆုံရာမှာ ပွင့်ပွင့်လင်းလင်း၊ တည့်တည့်မတ်မတ်နဲ့ လူသိရှင်ကြားပြောဆိုသင့်ကြောင်း၊ လက်ရှိနှစ်ကာလတွေအတွင်း အာဆီယံနိုင်ငံတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တိုးမြင့်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံမှာလည်း စစ်အာဏာသိမ်းဆန့်ကျင်သူတွေ၊ တိုင်းရင်းသားလူမျိုးစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်နေကြောင်း HRW က ပြောပါတယ်။

ဒီအတွင်း Burma Campaign UK အဖွဲ့ က စီးပွားရေးလုပ်ငန်းကုမ္ပဏီ ၅၆ ခုကို အမည်ပျက်စာရင်းသွင်းလိုက်ပါတယ်။ မြန်မာအာဏာသိမ်းစစ်တပ်နဲ့ ဆက်နွှယ်ပတ်သက်မှု၊ လူ့အခွင့်အရေးဖောက်ဖျက်မှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုအထောက်အထားတွေ တွေ့ရှိရတဲ့ ကုမ္ပဏီတွေကို စာရင်းသွင်းလိုက်တာပါ။

အခုအခါ အမည်ပျက်စာရင်းသွင်းခံရတဲ့ ကုမ္ပဏီပေါင်း ၁၇၂ ခု ရှိသွားပြီဖြစ်ပါတယ်။ အများစုဟာ စစ်တပ်နဲ့ ဆက်နွှယ်ပတ်သက်နေပြီး၊ လက်နက်နဲ့ တခြားစစ်ရေးဆိုင်ရာပစ္စည်းတွေ ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။

အမည်ပျက်စာရင်းမှာ ပါဝင်နေတဲ့ ကုမ္ပဏီတွေကို ပြန်လည်ပြုပြင်နိုင်အောင် အနည်းဆုံးတစ်လ ကြိုတင်အကြောင်းကြားခဲ့ကြောင်း၊ နိုင်ငံတကာကုမ္ပဏီတွေ ပါဝင်တဲ့ အဲဒီအမည်ပျက်စာရင်းကို ဆက်လက်ထုတ်ပြန်သွားမှာဖြစ်ကြောင်း၊ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်အာဏာသိမ်းမှု၊ ကလေးသူငယ်မုဒိမ်းမှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေဟာ ဘယ်လိုမှလက်ခံနိုင်စရာမရှိကြောင်း Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။

အမည်ပျက်စာရင်းမှာ ရုရှားကုမ္ပဏီ ၁၅ ခု၊ ဗြိတိန်ကုမ္ပဏီ နှစ်ခုလည်း ပါဝင်ပါတယ်။ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့လို နိုင်ငံတွေကလည်း၊ မြန်မာကို လက်နက်ပိတ်ဆို့ထားတယ် ဆိုပေမယ့် သူတို့ရဲ့ကုမ္ပဏီတွေကတော့ ရုရှားနဲ့အိန္ဒိယလို နိုင်ငံတွေကတဆင့် မြန်မာစစ်တပ်က လက်နက်တွေ ဝယ်ယူနိုင်နေတာ ဖြစ်ပါတယ်။

ဒါ့ပြင် စာရင်းမှာ စစ်တပ်ပိုင်မြဝတီရုပ်သံထုတ်လွှင့်နေပြီး AsiaSat ပူးတွဲပိုင်ဆိုင်တဲ့ Carlyle Group အမေရိကန်ကုမ္ပဏီ သုံးခု ထပ်မံပါဝင်လာခဲ့ကြောင်းလည်း သိရပါတယ်။